27 February 2011

ဖုန်မှုန့်တွေနဲ့ နေလုံးကြီးနဲ့ အဝေးကသက်တန့်တွေကိုချိတ်ဆွဲထားတဲ့ စာသင်ကျောင်းလေး

နွားအုပ်ကြီးဖြတ်သွားတော့ တိမ်တွေလိုဖုန်တွေထဲ ဆိုင်ကယ်ဘီးရာတွေ ဖောချင်းသောချင်း
လှိုင်လှိုင်ပွင့်နေတဲ့ တမာတွေနဲ့ လမ်းဟာမွှေးအီ
ပဲစဉ်းငုံတွေ ပဲကြီးခင်းတွေဟိန်းနေတာတောင် အလေ့ကျနေလှည့်ခင်းများက မင်းမူလို့
တစ်ပိဿာဘယ်လောက်ဆိုတာ လက်ရှိသူတို့ဂုဏ်ဒြပ်ပေါ့။

နံဘေးက ကင်းတားလက်ဝဲမြောင်းထဲ ငါးတွေပုစွန်တွေပုလုံစီခုန်ထ ရေပိတ်ချိန်ထင်ပ
ဒိုက်တွေအမှိုက်တွေနဲ့ ရေညှိဖတ်စိမ်းစိမ်းတွေ ခလေးငယ်နည်းနည်းကိုသာ အဖော်ပြုကာ
ထော့ကျိုးစီးဆင်းနေရှာ
လှိုင်းတွန့်များနဲ့လှည်းဘီးရာအမြောင်းတွေကြား ဆိုင်ကယ်ဘီးမေးတင်
ရွာအ၀င်မှာ ဓာတ်ဆီဆိုင်နဲ့လေထိုးကျွတ်ဖာနဲ့
နွားခြူသံတွေအစား ဝေါခနဲဝေါခနဲထိုးထွက်လာတဲ့ ဆိုင်ကယ်တွေဒင်းကြမ်းမြင်ရလိမ့်
တချို့ ရေမိုးချိုး အ၀တ်သစ်များဝတ်ကာ တချို့ ဆေးပုံးကျောချိတ်လယ်မြေထဲဆင်းဟန်
လမ်းကတောင်းဆိုတော့ ဂီယာကြီးနဲ့သာ ခရီးနှင်ကြရာ။

ဝင်လာခဲ့ကြ
အိမ်ခြေ၇၀၀ရှိတဲ့ ရွာကလေးထဲ
မှားယွင်းစွာရှက်ဖွယ်ပ ၇၀၀ဆိုတာသေးနှုတ်သောအရေအတွက်မှမဟုတ်လေဘဲ
ရွာကြီးပေါ့ သိပ်ကိုကြီးတဲ့ရွာကြီး အလယ်တန်းကျောင်းမျှမကျသေးတော့ ရွာကလေးလို့ခေါ်မိတယ်
အိမ်တွေလမ်းတွေ ခြံစည်းရိုးတွေ လူစိမ်းတွေကိုမျက်နှာမငယ်ရအောင် ဧည့်ခံနိုင်ပေရဲ့
ကျောင်းကလေး ကျောင်းကလေး
အဲသမှာ ကျောင်းကလေးဟာလဲ ဘာမှလိမ်းခြယ်မထားတဲ့လေးဘက်သားခလေးလေးလှသလိုလှနေရဲ့
တွဲဖက်အလယ်တန်းကျောင်းကလေး
ကျယ်ပြန့်တဲ့ကွင်းကြီးက ကျောင်းကလေးကိုထည့်မြိုထား
သာမှုနာမှုအစုစု ပွဲလမ်းသဘင်အထွေထွေ လူစုလူဝေးအမျိုးမျိုး
ကျောင်းကလေးက သူတောင်အဆောက်အဦမဆောက်ရက်တဲ့ကွင်းထဲ
နေရာထိုင်ခင်းပေးလို့ လူတွေပျော်သွားကြတာလဲရှိ စိတ်ညစ်သွားကြတာလဲရှိ
နောက်တစ်နေ့ ကျောင်းကလေးတစ်ရက်နားလိမ့်ပေါ့
လေတွေလိုလွှင့်ထုတ်သွားတဲ့အမှိုက်များ စင်ကြယ်ပြင်ဆင်ဖို့။

ဆင်ဖိုနီဆိုတာဘာလဲ
ငါတို့မသိကြပါဘူးတဲ့
တောဘုရားပွဲမှာ စည်ဘီယာရောင်းတဲ့သားအဖနှစ်ဦး ဂေါက်တံကိုလုနေကြတယ်
ထိန်ထိန်ညီးညီးပဲ ကျောင်းကလေးရဲ့ရေအားလျှပ်စစ်က ဘီယာမူးမူးနဲ့လင်းနေတယ်
ပွဲတော်သုံးညမှာ သူပိုင်အလင်းနဲ့ ဖန်ခွက်တွေထဲအမြုပ်တစီစီ
ကျောင်းဝင်တံခါးကိုကျော်တော့ချောင်းကလေး ချောင်းကလေးပေါ်မှာ ကျွန်းပင်တစ်ပင်
အဲဒီချောင်းကလေးကရေစီးက အက်ဒီဆင်ကိုအလည်ခေါ်လာတာပေါ့
ကျွန်းပင်သေလို့တဲ့ဗျာ ကျုပ်ကိုတိုင်လိုက်ကြတာ ဟားဟား
ဆရာတစ်ဦးရဲ့ပြောဟန်ကရယ်ရယ်မောမော ဗွေမရှိဟန်
လစာတစ်သောင်းခွဲခေတ်မှာ ဆယ့်ငါးသိန်းတန်ရေအားလျှပ်စစ်အလှူရှင်
တာယာဖိနပ်ကြီးစီးလို့ပေါ့
သူ တောကျောင်းဆရာ။

တစ်နှစ်တာကျောပူဒဏ်ချက်ကြီး တစ်ရက်တစ်မနက်နဲ့ဝမ်းအေးဖောက်ခွဲလိုက်ကြရှာ
သူတို့ဟာ ပါးစပ်ထဲရယ်ဖွယ်တွေပလုပ်ပလောင်း
တောကျောင်းဆရာများရဲ့ အဖြူရောင်က တစ်ဝိုင်းလုံးကိုလွှမ်းနေရော
မဟုတ်ဘူး တစ်ရွာလုံး ဒေသတစ်ခုလုံး
သူတို့ သိပ်ကိုဖြူကြတယ် အလွန်တရာဖြူကြတယ်
ဟောဒီလို ဖဦးထုပ်ရရစ်နှင်းချောင်းငင်ဖြူလို့ရေးပြရတာထက်ကို ပိုဖြူကြ။

ဖုံတွေပေါ့ကွယ် နေလုံးကြီးကလည်းနီနီ
နွားအုပ်တွေကလည်း ဒလကြမ်း ဆိတ်အုပ်တွေ တတီတီ
ယာမြေတွေ စိမ်းလားစိမ်းရဲ့ နီလားနီရဲ့ ၀ါလားဝါရဲ့
ဘာတဲ့ဆိုင်ကယ်နဲ့တီဗွီမရှိရင် အိမ်မမည်ဘူးဆိုလား
ရွာသူတွေ ကွမ်းတောင်ကိုင်သေးလား ပန်းတောင်ကိုင်သေးလား
မသိဘူးပကွယ် ဆရာကြီးကြိမ်လုံးမကိုင်တော့တာတော့ မြင်ခဲ့ရပ
ကျုပ်တို့တစ်ဦးနဲ့တစ်ဦး ရိုးမြေကျချစ်ကြတာပါဗျာ တဲ့
ထန်းရေစစ်စစ်သောက်ရင်း ကြွက်ကြော်ဝါးရင်း
မေတ္တာတရားကိုဘယ်သူတွေခိုးထားသေးလဲ
ကြွေနေတဲ့လေနဲ့ မျောလို့။

အရောင်မဲ့အခန်းနံရံ ဆေးသားများကွာကျ
သက်တန့်ကလေးတွေချိတ်ဆွဲထားတာ အရောင်စုံလှတယ်
အာဆီယံလူငယ်တွေ့ဆုံပွဲ မောင်ကောင်းဝေယံဦး
တတိယနှစ်ဆေးကျောင်းသား မောင်စိုးလွင်
ရှေ့နေမလေး မသဲထွေး
အလို သက်တန့်တွေစုံလှပ နံရံတလျှောက်ချိတ်ဆွဲထွန်းလင်းထား
တပည့်မရှား တစ်ပြားမရှိ၊ ပီတိကိုစား အားရှိ၏
အလကားရေးထားတာမဟုတ်ဘူး
ခွေးတံဆိပ်ခဲတံအစစ်နဲ့ ကြိုက်လွန်းလို့ရေးထားတာဗျ အဟေးဟေး
ဖုန်မှုန့်တွေအဖွေးသား နေလုံးကြီးကို ခေါင်းနောက်တည့်တည့်ခံပြီး ဆရာကြီးရီချလိုက်တယ်
ချစ်စရာကောင်းချက်။

ဖုန်မှုန့်တွေနဲ့ နေလုံးကြီးနဲ့ အဝေးကသက်တန့်တွေကိုချိတ်ဆွဲထားတဲ့ စာသင်ကျောင်းလေး
၈နာရီနဲ့ ၃၃မိနစ်တိတိ တာဝန်ဝတ္တရားတွေခွာချရင်း သူ့အမြုတေရှိရာဆီငေးရီနေမိ
မိုးရွာပြီးစညနေခင်းလည်း မဟုတ်ပါဘဲ ဖုန်လုံးကြီးတွေတသောသောကြား
သက်တန့်ကလေးတွေ လှနေခဲ့ပုံ။

ညိမ်းညို

10 comments:

tin min htet said...

ကိုညိမ်းညို မတွေ့တာ ကြာပေါ့။ တလောက ရန်ကုန် ပြန်လို့ ခင်ဗျားစာအုပ်တောင် ဝယ်လာသေးတယ်။ ဖတ်တော့ မဖတ်ရသေးဘူး။

hsuhsu said...

မျှော်ရတာကြာပေါ့ ကိုညိမ်းညို
ကဗျာအသစ်ဖတ်ချင်လွန်းးလို့
အဟောင်းတွေပြန်ပြန်ဖတ်ရင်း
အာသာဖြေနေရပေါ့

ညီသူအိမ် said...

အဖြစ်တွေ အပျက်တွေ
အရှိတွေ မရှိတွေ
တရားခြင်းတွေ မတရားခြင်းတွေ
လသာညတွေ လမသာညတွေ
အို...ကျုပ်ရင်ဘတ်လေး ဖုန်တထောင်းထောင်းထသွားတယ်။

johnmoeeain said...

ပျောက်နေတာ ကြာပေါ့...။

သက်တန့်တွေကို ချိတ်ဆွဲထားတဲ့ ကျောင်းလေးဆီ အလည်သွားရင်း ကြွေနေတဲ့လေနဲ့ မျောနေတဲ့ မေတ္တာတရားတွေကို လိုက်ရှာနေတယ် ထင်တယ်း)

မောင်နွေသစ် said...

နေလှည့်သီးတွေ အလုပ်ဖြစ်တုန်းလား...
ဆိုင်ကယ်သံတွေကတော့ တစ်ထုန်းထုန်းညံနေရောပေါ့
:)

တင့်ထူးရွှေ said...

အဆင်ပြေရဲ့လား ကိုယ့်လူး-)

ငြိမ်းဝေ said...

မတွေ့တာကြာ စိတ်ပူပါသကောဗျာ
ကျနော်လည်း အသက် ၂၁ နှစ်က
ပဲခူးချောင်းဖျားမှာ ကျောင်းဆရာလုပ်ခဲ့ဖူးသဗျ
ခင်ဗျားကဗျာဖတ်ရတာ
ကိုယ့်ဘဝရဲ့ အကန့်တချို့ကို ဆလိုက်ထိုးကြည့်မသလိုပဲဗျ
ကျေးဇူးတင်ပါတယ်
ကျန်းမာရေး ဂရုစိုက်ပါ
ခင်ဗျားကဗျာစာအုပ်လည်း ဖတ်ချင်တယ်

လှေထိုးသား said...

စာအသစ်လေး လာဖတ်သွားပါတယ်။

Mary Grace said...

Hi your blogs looks so impormative and interesting.would you come and visit us back too
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog

ပိုးဖလံ said...

:)