12 April 2010

အစ်ကိုကြီးမောင်ဖိုးဦး ကျန်းမာပါစေ

အစ်ကိုရေ
တိမ်တွေကိုဖြတ်စလုပ်
ချစ်သူအရုပ်လေးကို အလှဆင်ဖို့
ဗြုန်းအိတ်*တွေ မနားတမ်းထမ်းနေတုန်းလား၊

ကျွန်တော်တော့
နှုတ်ခမ်းမွှေးတွေရှည် ဆံပင်တွေရှည်
ခြေသည်းလက်သည်းတွေရှည်ပေါ့
စိတ်မရှည်တတ်တော့တာတော့ ဆိုးတယ်ဗျာ၊

ဒီမှာ လိမ္မာနေကြာင်းပါ အစ်ကို
လမ်းသလားတာတွေလျှော့၊ လည်တာပတ်တာတွေလျှော့
(ကောင်မလေးစကားတစ်ခွန်းနဲ့)
ဆေးလိပ်လည်း ပြတ်နေပြီ အစ်ကို
လက်ဖက်ရည်ဆိုင် မရှိတဲ့အရပ်မို့
လက်ဖက်ရည်ဆိုင်တော့ ငတ်တယ်ဗျာ၊

အစ်ကိုရေ
ခုချိန်ဆို ခါးထောက်နေတဲ့တောင်တန်းကြီးတွေပေါ်
တောင်နေကြာတွေ ငေါက်တောက်ပွင့်နေရောပေါ့
အစ်ကိုက ရောက်ရာအရပ်မှာ သီးပွင့်ပါဆိုလို့
ကျွန်တော်လည်း ဒီမှာ သုညသီးတွေ သီးနေတယ်
အစ်ကို မရီပါနဲ့လားဗျာ၊

ညဘက် ဂစ်တာတီးကြတော့
ရင်ခုန်သံတွေ အရင်လိုနွေးသေးရဲ့လား အစ်ကို
ကျွန်တော်တော့ ဒီနှစ်ထဲမှာ အချစ်ရေးကံမကောင်းဘူး
တည့်နေတဲ့လမ်းတွေ စောင်းကုန်တော့
ကောင်မလေးလည်း ဦးတည်ရာပြောင်းသွားတယ်ထင်ပါရဲ့ဗျာ၊

“ချစ်ခင်ပေါင်းသင်း နေထိုင်ခြင်းကား
ကွေကွင်းနောက်ဆုံး ရှိချေ၏” တဲ့
ချစ်ခြင်းမေတ္တာကို
ခါးပုံစထဲထည့်ထားတဲ့ လူငယ်တစ်ယောက်
သံဝေဂ၀ါးခမောက်ကို တုတ်နဲ့ထိုးခဲ့တာ အပြစ်လား အစ်ကို
နဖူးစာမင်ရည်ကျဲတာမဟုတ်
နဖူးစာမင်ရည်အသွန်ခံလိုက်ရတဲ့အခါ
ဒီလောက်တော့ ကြေကွဲခွင့်ရှိတယ်မို့လားဗျာ၊

ကိုယ်ပိုင်တာ ကိုယ်လုပ်လို့ရတယ်ဆိုပေမဲ့
ကိုယ့်အိမ်ကိုယ် မီးရှို့မရသလိုပါပဲ
ဘယ်သူမှမထိခိုက်ရအောင် အသဲကွဲကြေးဆို
ကျွန်တော့်ရုပ်နာမ်နှစ်ပါးလုံးက out of bound တွေပါပဲဗျာ၊

ဒီတော့လည်း
တစ်ကိုယ်စာအလင်းလေးနဲ့ မီးအိမ်လိုငြိမ်ငြိမ်ကုပ်ကုပ်
အလုပ်ရှုပ်ချင်ယောင်ဆောင်ခဲ့တယ် အစ်ကို
ကျွန်တော့်မှာ မီးဇာတွေသီးနေတာ
ဘယ်သူမြင်မှာလဲဗျာ
နေ့နေ့ညည
ကဗျာလေးတွေဖတ် သီချင်းလေးတွေနားထောင်နဲ့
ပေါက်ကွဲမယ့်မီးတောင်တစ်လုံးကို မြုံအောင်ပြုစားရတာ
တိုက်နေတဲ့လေကို လက်နဲ့တားရသလိုပါပဲဗျာ၊

အစ်ကိုရေ
မြေစိုင်တွေက ၀ှက်ထားတဲ့ပတ္တမြားတစ်ပွင့်**အတွက်
တစ်ဘ၀လုံး ရွက်လွှင့်နေတုန်းလား
ကျွန်တော်တော့ shopping mall တွေထဲ
ချောကလက်တစ်တောင့်အတွက်
စိတ်တွေယောက်ယက်ခတ်နေတာပေါ့ အစ်ကို၊

ဟိုဝါဒနည်းနည်း ဒီဝါဒနည်းနည်း
ဘူဖေးလို ကျွန်တော်ယူစားခဲ့တယ်
ဂစ်တာတစ်လက်နဲ့ ဆောင်းညအို
ကျွန်တော်ရင်ဖိုနေတုန်းပါ အစ်ကို
ဒုတိယဘုရားသခင်ကိုရှာဖို့
ကဗျာတွေကျင်ယူနေတုန်းပေါ့
အစ်ဇင်တွေက မိုးတိုးမတ်တပ်
ထထ သတ်နေကြတော့
အသက်ရှူတော့ နည်းနည်းကျပ်တယ် အစ်ကို၊

အစ်ကိုရေ
ကနယ်ရေ အင်းရေတွေနဲ့
ခိုက်ခိုက်တုန် အိမ်အပြန်လမ်းမှာ
လီရှောမီးတောက်***တွေက အရင်လို ဖမ်းစားထားတုန်းလား
ကျွန်တော်တော့ သူငယ်ချင်းတွေ စုံတဲ့အခါ
နည်းနည်းပါးပါး ကစ်တတ်နေပြီ အစ်ကို၊

ပုံနှိပ်စာမျက်နှာတွေပေါ်ရောက်ဖို့
သူငယ်ချင်းတွေက အတင်းထိုးတင်ကြတယ်
ဘာပဲပြောပြော
အရက်ဝိုင်းမှာ စကားပြောရတာ
လူရောစိတ်တင်မကဘူး
နားရွက်တွေပါ နွေးတယ် အစ်ကို၊

အစ်ကိုရေ
ငွေကြေးနည်းနည်း ရင်ခုန်သံများများနဲ့
လူငယ်တွေ အရင်လို သွေးရဲတုန်းလား
ကောင်းကင်တစ်ခုလုံး ကျိန်စာသင့်ထားတဲ့ မြို့လေးမှာ
လမ်းဘေးအုတ်ခုံပေါ် လဲကျသေဆုံးနေတဲ့ လူငယ်အိပ်မက်တွေက
ညည ကျွန်တော့်ကို ခြောက်လှန့်တယ် အစ်ကို၊

အစ်ကိုရေ
ညနေရီတရောဆို မျိုးစေ့တွေကြဲချပေးလေ့ရှိတဲ့
သဟာယစာကြည့်တိုက်ဘက် ခြေဦးလှည့်တုန်းလား
ဖတ်ဖြစ်တဲ့စာအုပ်တွေ လက်တို့ပါဦးအစ်ကို
ကျွန်တော်တော့ အီးဘုတ်တွေဖတ်
အီးပို့စ်စကဒ်တွေငေး အီးမေးလ်တွေစစ်နဲ့
အီးကမ္ဘာထဲ ချာချာလည်နေပေါ့ အစ်ကို
ရပ်ဝေးမှပို့သသော အီးမေတ္တာများနဲ့
အီးကမ္ဘာတစ်ဝှမ်း စိမ်းလမ်းသယောင်ရှိပေမဲ့
တစ်ခါတစ်ခါတော့
မမြင်ရတဲ့ အီးရန်သူတွေလည်း ရှိတာပေါ့ အစ်ကို၊

အတုအယောင်ထဲက အစစ်အမှန်
အစစ်အမှန်ထဲက အတုအယောင်
2 in 1 မှာတင် မျက်ခြေပြတ်ကျန်ခဲ့တဲ့ ကျွန်တော်တို့တွေ
3 in 1 ခေတ်ကြီးထဲ 3D version နဲ့ကြည့်ဖို့
နည်းနည်းတော့ အားမွေးထားရမယ် အစ်ကို၊

အစ်ကိုရေ
စာရေးစားပွဲကို လက်နဲ့ခေါက်သလို
Enter ကို ခေါက်ချလိုက်တာပါပဲ
အကြောင်းတွေမတူတော့ အကျိုးတွေကွဲရတယ်
မယ်နန်းကြည်တောင်ပေါ်တက်
လက်ဖက်ရွက်လေးတွေ အသာအယာလိပ်
မြင်ကွင်းတွေစိမ်းစိုအောင်ကြည့်တတ်ဖို့
ကျွန်တော်တို့ ကလေးဘ၀တွေ ကျန်ခဲ့ပြီ အစ်ကို၊

အစ်ကိုရေ
ရိုးသားမှုနဲ့ သွေးသားတော်စပ်လို့
အရင်လို ပြောင်ပြောင်ရောင်ရောင် နွမ်းပါးနေတုန်းလား
ဒီလိုဆိုရင်ဖြင့်
ကျွန်တော့်ကို တစ်ဆိတ်မျှပါ အစ်ကို
ကျန်းမာပါစေခင်ဗျာ။

ညိမ်းညို

ဗြုန်းအိတ်* - ကျောက်ပါသည်ဟု ယူဆရသောမြေသားများကို ထုတ်ပိုးထားသောအိတ်။
ပတ္တမြားတစ်ပွင့်** - ကျွန်တော်တို့ဒေသတွင် ကျောက်တစ်လုံးနှစ်လုံးဟု သုံးလေ့မရှိပါ။ ကျောက်တစ်ပွင့်နှစ်ပွင့်ဟုသာ သုံးပါသည်။
လီရှောမီးတောက်*** - ဒေသရိုးရာ အရက်တစ်မျိုး။

6 comments:

နေ့ သစ် said...

ဒီကဗျာ လေး ဖတ်ပြီး ...
လူငယ် လူငယ် လို့ ပဲ ကျနော် ရေရွတ်နိုင်ပါတော့တယ် အစ်ကို ... ။
ဒီကဗျာ ထဲကနေ ကျနော် ရှာတွေ့ လိုက်တာ အများကြီး ... ။


လေးစားအားပေးလျက်။
ချစ်ခြင်းအားဖြင့်-ညီငယ်နေ့ သစ်

Unknown said...

နယ်ရေ မပြောချင်တော့ဘူး ပြန်ချင်အောင်လုပ်လွန်းလို့ :)

Eduking said...

ဟေ့.. ကိုရီးငြိမ်း.. နှစ်သစ်မှာ ပျော်ရွှင်ပါစေ.. ကျုပ်ဘလော့လေးတော့ ရေစိုသွားပြီ.. ယောဂီ ဝတ်စုံကြီးနဲ့မို့ အပြန်မှပဲ ပြန်လောင်းတော့မယ်.. xD

Unknown said...

ညိမ်းညိုရေ..
ကဗျာဖတ်ပြီးတခုခုကိုခံစားလိုက်ရတယ်
ညိမ်းညိုကဗျာတွေကိုအရမ်းကြိုက်တယ်
ကဗျာတိုင်းမှာတစုံတခုကိုပေါ်လွင်အောင်
ပုံဖော်ပြတတ်ပြီး..ဖတ်မိသူရင်ထဲမှာအတွေး
တစုံတရာကိုပေးတတ်တယ်လို့မြင်ပါတယ်.

ကော်မန့်ရေးကျင့်မရှိလို့ ညိမ်းညိုဘလော့မှာ
ကော်မန့်လာမပေးပေမယ့် တိတ်တိတ်လေးရင်
ထဲကနေအားပေးနေပါတယ်..ချီးကျူးပါတယ်..
ငယ်ငယ်ရွယ်ရွယ်နဲ့စာတွေကဗျာတွေကိုဒီလောက်
ရေးနိုင်တဲ့အတွက်လေးစာပါတယ်..
ရှရှားကနေကျောင်းပြီးလို့မြန်မာပြန်သွားရင်လည်း
ဘလော့လေးကိုပိတ်မသွားပါနဲ့နော်.. အမှတ်တယ
အဖြစ်ဆက်လက်ဖွင့်ထားပေးပါ..မြန်မာကနေလည်း
ရေးနိုင်ရင်ဆက်ရေးပါနော်… သတိရတိုင်းစာတွေကဗျာ
တွေဖတ်ချင်တိုင်းညိမ်းညိုဘလော့လေးကိုဝင်လာဖတ်ပါရစေ..

Unknown said...

ကျွန်တော်တော့
နှုတ်ခမ်းမွှေးတွေရှည် ဆံပင်တွေရှည်
ခြေသည်းလက်သည်းတွေရှည်ပေါ့
စိတ်မရှည်တတ်တော့တာတော့ ဆိုးတယ်ဗျာ၊
မယုံပါဘူးးးး
:P

tsawtsaw said...

အကို
ကဗျာတွေလာဖတ်သွားတယ်နော်
အကို တော့ သနားစရာပဲနော်
ကောင်းမလေး နဲ့ အဆင်ပြေပါစေကွာ