15 December 2009

ပထမကဗျာ

ကျွန်တော် တက်ဂ်ဂိမ်းတွေနဲ့ စိမ်းခဲ့ပါတယ်။ တက်ဂ်စာရေးဖို့လည်း တစ်ကြိမ်မက ပျက်ကွက်ခဲ့မိပါတယ်။ ဒီအတွက် ခင်မင်ရင်းနှီးစွာ တက်ဂ်ခဲ့ကြတဲ့ ညီအကိုမောင်နှမတွေကို အလေးအနက် တောင်းပန်ပါတယ်။ အကိုကြီးကိုတင်မင်းထက်ရဲ့ ပထမကဗျာ တက်ဂ်ဂိမ်းအတွက် ဒီကဗျာလေးကို ကျနော် တင်ပါတယ်။ ပထမဆုံးရေးဖြစ်တဲ့ ကဗျာလားဆိုရင်တော့ မဟုတ်ပါဘူး။ ကိုယ့်ကဗျာကို တခြားလူတွေဖတ်စေဖို့ ဘုတ်ပေါ်စတင်တာဆိုရင်တော့ ဒါ ပထမဆုံးကဗျာ ဟုတ်ပါတယ်။ ပထမနှစ် တပ်ရင်းနံရံကပ်စာစောင်မှာ တင်ခဲ့ဖူးပါတယ်။ ပထမဆုံးကဗျာကို မှတ်မှတ်ရရ ပြန်တင်ဖြစ်အောင် သတိတရတက်ဂ်ပေးတဲ့ ကိုတင်မင်းထက်ကို ကျေးဇူးတင်ပါတယ်။

+++

ချယ်ရီမြေက ကြိုနေမယ်

ပြင်ဦးလွင် တောင်ပေါ်မြို့ ကလေးဆီမှ
မြင်ဖူးချင် မျှော်ရည်တမ်းတယ်ကွဲ့
လှမ်းလို့ ဖြင့် လာခဲ့စေချင်။

တွယ်တာမိလေသမျှ
ကွယ်ရာကပဲ လွမ်းရတယ်
ခိုင့်မေတ္တာ နွှယ်ကာလွှမ်းဝေတဲ့
သံယောဇဉ် ၀င်္ကပါလမ်းမှာဖြင့်
သစ္စာတွေ အဆင်ဆန်းပုံက
လန်းဆန်း၍ ကြည်ကြည်ရွှင်
စွဲစိတ်ခုံမင်။

ပျိုမေခင် ခိုင်ဆိုတဲ့ကလေးမငဲ့
ကြိုနေလျှင် ငြိုးမယ်ဖွဲ့ လေမလား
မတားသာ မေတ္တာတရားရယ်က
ချစ်အားသွယ် သစ္စာမြဲတာကြောင့်
အပြစ်ထားမယ် ခင်ခင်ကြိမ်းသော်လည်း
စိမ်းတယ်လို့ စိတ်ကမထင်
မြင်ချင်ပါရဲ့ နေ့စဉ်အမြဲ
မငြိုငြင်ပါနဲ့ ခင့်စိတ်ထဲ..။

နွေးထွေးအပြစ်မမြင် ဟိုဆီ.. အတိတ်ရယ်က
ဪ.. ဆွေးနွေးချစ်ခင် (ကိုယ်စီ..) နှောင်ဖွဲ့ ဖူးတာကြောင့်
ရည်စူး၍ ချစ်ရပါကြောင်း
အသွင်ထူးဝေ
ပြင်ဦးလွင်မြေထုကို သက်သေပြုပါရဲ့
ယုံကြည်ပါကွဲ့ မောင့်ချစ်သဲ
ခိုဝင်သိုဝှက် ချစ်စိတ်ဇွှဲ
ကြိုနေပါမကွဲ့ ထာဝစဉ်အမြဲ...။

ညိမ်းညို

4 comments:

Yan said...

လူတွေသိစေချင်တဲ့ ပထမကဗျာကို ပထမလာဖတ်ရင်း ပထမဦးဆုံး ကော်မန့်ပွတ်ခဲ့တယ် ဘရားသားရေ...

စကားမစပ်. ပြင်ဦးလွင်က မိန်းကလေးတွေက အသားအရည်လှမယ်ထင်တယ်နော်.

ကိုညိမ်းညိုကို ကပ်ထားရတော့မယ်ထင်တယ်.း)

Y.

ATN said...

ကိုယ့်ညီ...

ကဗျာလေးက
သိင်္ဂါရ ကြိုးတွေ ဆံမြိတ်ဖွာလို့...
ကဗျာဆရာရဲ့ နှလုံးသားကို
ဖုံးထားလို့ မရအောင် လှစ်ဟပြလို့...
ချစ်စရာ့ စကားလုံးတွေနဲ့
ပထမဆုံး ရင်ခုန်သံကို
အန်ထုတ်ပြနေပေါ့...

ATN

tin min htet said...

လှလိုက်တဲ့ ကဗျာလေး။

ငယ်စိတ် ငယ်ခံစားမှုနဲ့ ရေးထားတာဆိုတော့၊ စပယ်ဖူးလေးနဲ့တောင် တူသေး။

လင်းဒီပ said...

ခိုင့်အတွက် ပြင်ဦးလွင်ညိမ်းညိုရဲ့ ပထမလေးချိုးကြီးပေါ့...:P

နောက်သွားသည်..။

ရွတ်လို့ကောင်းပါသည်..။