24 November 2009

သေပေါ့

စိတ်ညစ်လို့ မြစ်ကမ်းနံဘေး သွားထိုင်တဲ့လူတစ်ယောက် သပွတ်အူမျှောလာတာနဲ့ ကြုံရဆိုလားဘာလား။ နဲနဲ ပြန်ကိုးကားချင်တယ်။ ငါသွားထိုင်တော့ သပွတ်အူထဲ ဆံချည်မျှင်တစ်ထွေး ငြိပါလာသေးတယ်ဆိုရင် ငါ ပလီရာကျမလား။ ငါ့ရှေ့က စပိဘုတ်က တော်တော်နှေးတာပဲ။ သူ့နာမည်ထဲပါနေတဲ့ speed ဆိုတဲ့စကားလုံးကိုမှ အားမနာ။ မြွေကိုပခြုပ်ထဲထည့်ထားသလို မြစ်ကိုအနားသတ်ထားတာ ဘယ်သူ့ လက်ချက်လဲ။ အပိုးကျိုးနေတဲ့မြွေတွေက အပိုးကျိုးနေတဲ့မြစ်ထဲမှာတောင် ရေဆင်းမကူးရဲတော့တာ ဒါကြောင့်ဖြစ်မယ်။ မြစ်မှာ ကမ်းရှိတယ်။ လမ်းမှာ နှုတ်ခမ်းရှိတယ်။ ပန်းခြံက အကာအရံနဲ့။ နိုင်ငံ မြို့ ရွာတွေက နယ်နိမိတ်တွေနဲ့။ ကမ္ဘာကြီးမှာတောင် အနားသတ်မျဉ်းတွေနဲ့၊ စကြာဝဠာကတော့ သူ့အပေါ်ကွမ်းတံတွေးထွေးလို့ မရသေးတာတစ်ခုနဲ့ပဲ လူတွင်ကျယ်ပေါ့။ သေချာတယ်။ ဒီကောင့်မှာလည်း စည်းရှိမှာပဲ။ တွေ့တဲ့တစ်နေ့မှ အဲဒီစည်းပေါ်တည့်တည့်ကို ကွမ်းတံတွေးထွေးကြည့်ဦးမယ်။ စည်းတွေ မရှိရဘူးလား။ စည်းတွေမရှိရင် စည်းဖောက်သူတွေ ဘယ်ရှိတော့မလဲ။ ငါ ထော်လော်ကန့်လန့် တွေးတယ်။ ငါ့နှုတ်ခမ်းငါကိုက်တာ တစ်ပါးသူပါးကို ရိုက်တာမှမဟုတ်ဘဲ။ လူမိုက်ပါ။ သူ့ဆင်ခြေနဲ့ သူနေတယ်။ အိမ်ခြေယာခြေမဲ့သလို ခံစားမှုမဲ့ရင် ကောင်းမယ်။ ဒါဆို ခံစားမှုခြေသလုံးအိမ်တိုင် လုပ်ပစ်မယ်။ လာထား..၊ အမြစ်မတွယ်တဲ့သစ်ပင် ဘယ်မှာအမြစ်ကျွတ်မလဲ။ နံပြားဖိုကြီးလို တရှိန်းရှိန်းပူလောင်ခဲ့ရတာကို ငါကြောက်တယ်။ ဒီနေရာမှာ သေပေါ့လို့ ပြောမယ်။ သေပေါ့၊ ပြောရတာအရသာတွေ့တယ်။ ခံတွင်းလည်းလိုက်တယ်ဆိုရင် ပြောလိုက်ပါ၊ သေပေါ့...လို့။

သေပေါ့။ စကြာဝဠာကြီးတောင်ကွေးနေမှပဲ၊ အာကာသကြီးတောင် ကွေးနေမှပဲ။ အကွေးစကြာဝဠာကြီးထဲ အကွေးအာကာသကြီးထဲ ငါလိုကောင်တစ်ကောင်ကွေးနေတာ ဘာဆန်းလဲ...သေပေါ့။ လက်ထိပ်မှာ လိပ်ပြာအကောင်တစ်သိန်းလောက်မွေးပြီး ကိုယ့်စကားလုံးတွေနဲ့ကိုယ် အပင်းဆို့ပြီး သေပေါ့။ လွမ်းစရာလည်းမဟုတ်၊ စခန်းသာလည်းမဟုတ်။ ဆဲလို့လည်းမရ တည်းလို့လည်းမရ။ ဘ၀ဆိုတဲ့အခွံကို ခဏကောက်စွပ်လာတဲ့မောင်၊ ချွတ်ထားခဲ့တဲ့အခါမှာသာ လျှော်ဖွပ်ပြီးသားဖြစ်ဖို့ မမေ့လေနဲ့။ သေပေါ့...။

ညိမ်းညို

4 comments:

ShwunMi- said...

ကိုညိမ်းညို ခါးကုန်းကုန်း မသေပါနဲ့ဦး.. နောက်နှစ်ခါတန်ဆောင်မုန်း အအေးသောက်ပါဦး =)

ကိုချစ်ဖေ said...

မိုက်ဗျာ.ခင်ဗျားက လူမိုက်ပါလို့ပြောလို့ မိုက်ဗျာ..မိုက်တယ်ဆိုတဲ့ မူလအဓိပါယ်ပျောက်နေတာတောင်အ
တော်ကြာပီ.မိုက်ဗျာ.ကိုယ့်ဆင်ခြေနဲ့ကိုယ်မိုက်ကျတဲ့မြစ်
မှာ အပိုးကျိုးနေတဲ့မြွေတွေနဲ့တော့ အတူရေဆင်းမကူးချင်ဘူး..သူများဘ၀အခွံတွေကို
ငှါးငှါးဝတ်လာပြီးလျှော်မပေးပဲ သေသွားတဲ့တွေနဲ့တော့ မပေါင်းပဲ.မိုက်ဗျာ..သေလိုကသေ.ရှင်လိုကရှင်..သေမယ်ဆိုလည်း သေပေါ့..

Unknown said...

အတင်းကြီးပဲ...သေခိုင်းနေတယ်...
သေချင်သေးပါဘူး...
နေပါရစေဦး..ရသလောက်
ဟောဒီဒုလ္လဘကြီးမှာ...နော်...ကိုကြီး။

layma said...

အင်း.. သေပေါ့..
သူများကိုပြောရတာတော့ ဘယ်လိုနေမယ်မသိ.
ကိုယ့်ကိုယ်ကို ပြောကြည့်ရတာတော့ အရသာတော်တော်ရှိပြီး ပေါ့ပါးသွားသလို ခံစားရတယ်။။
သေပေါ့..( ကိုယ့်ကိုယ်ကို ပြောတာပါ)
သတိရခင်မင်လျက်
လေးမ