29 August 2009

သံသရာထိ မွှေးမယ့်ပန်း

မကျဆုံးဖူးသူတွေသာ
ကျဆုံးခြင်းအကြောင်းကို မြိန်ရည်ရှက်ရည်ပြောတတ်လေ့ရှိကြ
တိတ်တိတ်ကလေးဆွံ့အနေသူတို့ထံ နားစွင့်ပါ
သူတို့မှာ အသံထွက်ဖို့အခွင့်မရှိကြရှာ။

အတောင်ကျိုးငှက်ကလေးများ
အားစိုက်ပျံသန်းနေဟန်ကဖြင့် ချစ်မက်ဖွယ်ရာ
လူတစ်ယောက်မှာ
"ဖြစ်ကို ဖြစ်ရမယ်" ရည်မှန်းချက်ရှိရတယ်ဆိုရင်
"ဖြစ်ကို မဖြစ်ရဘူး" ရည်မှန်းချက်လည်း ရှိကောင်းရဲ့
ဝါကျတစ်ကြောင်းနဲ့ ဆုတောင်းပါခဲ့
ဖြစ်ကိုမဖြစ်ရဘူး ရည်မှန်းချက်ဟာ ငှက်ခတ်သမား
ငှက်တွေကို မဖြားယောင်းလိုဘူး ငှက်တွေကို မသွေးဆောင်လိုဘူး
ပိုက်ကွန်တွေ ရွှေခြည်ငွေခြည်မတန်းလိုဘူး
လှောင်ချိုင့်တွေ ကတ္တီပါစိန်ကျောက်မခင်းလိုဘူး
ကျောသားလည်း ချမခင်းနဲ့
ရင်သားလည်း ချမခင်းနဲ့
ဘာကိုမှဖြတ်မနင်းဘဲ လျှောက်လာပါစေ
ကိုယ့်လမ်းနဲ့ကိုယ်မှာ ကိုယ့်ပန်းနဲ့ကိုယ်ပွင့်ကြဖို့ပဲမဟုတ်လား။

ချွေးနဲ့ပွင့်ပါစေ
သွေးနဲ့ပွင့်ပါစေ
အနုပညာစီး၍ အသိဉာဏ်ရံပါစေ
ကမ္ဘာမြေကိုချစ်တဲ့စိတ်နဲ့ ကဗျာတွေရေးပါရစေ
ဒီပန်းကလေးကို စိတ်နဲ့တောင်မမွှေးရက်ဘူး။

ညိမ်းညို

9 comments:

pandora said...

"ဖြစ်ကို မဖြစ်ရဘူး" ရည်မှန်းချက်လည်း ရှိကောင်းရဲ့...

ညိမ်းညိုရေ... သံသရာအထိ မွှေးမယ့်ပန်းတစ်ပွင့်ရဲ့ အသံကို နားစွင့်သွားပါတယ်။

လင်းဒီပ said...

ညီလေးရေ ကဗျာပန်းတွေ တစ်သံသရာလုံး မွှေးပါစေ...။

kohan said...

ရနံ့မပြယ်ကြကျေးလေ...လို့ တော့ လီယိုတော်လ်စတွိုင်းပြောဘူးတယ်အကို အဲသလိုပဲပေါ့

Unknown said...

ရင်သားလဲ ချမခင်း
ကျောသားလဲ ချမခင်း
ဘာကိုမှဖြတ်မနင်းပဲ လျှောက်ကြမယ်အကိုရေ...

လှလိုက်တဲ့စာသားလေးတွေ...အားပေးနေတယ်

Unknown said...

ရင်သားလဲ ချမခင်း
ကျောသားလဲ ချမခင်း
ဘာကိုမှဖြတ်မနင်းပဲ လျှောက်ကြမယ်အကိုရေ...

လှလိုက်တဲ့စာသားလေးတွေ...အားပေးနေတယ်

မင်းကျန်စစ်။ said...

ဆြာညိမ်း ကဗျာထဲမှာ မင်းစိတ်တွေ တော်တော်များများကို တွေ့လိုက်ရတယ်။
တစ်ခုပဲ နားမလည်ဘူး
ခေါင်းစဉ်က သံသရာထိ မွှေးမဲ့ပန်း ဆိုတာ
မွှေးမယ့်ပန်း ကို ဆိုလိုတာလားလို့။
မှားရင်ခွင့်လွတ်။
TGRmg

ညိမ်းညို said...

ဆြာကျန်ရေ ပြင်ပေးတာ ကျေးဇူးဗျး)

ဖြိုးငယ် said...

သံသရာအထိမွှေးနိုင်ပါစေ ဆရာညိမ်းရေ ...

Kaung Kin Ko said...

ဒီပန်းကလေးကို စိတ်နဲ့တောင်မမွှေးရက်ဘူး။

မိုက်တယ်ညီရေ