5 July 2009

နှစ်ဆယ့်လေးပွင့်မြောက် ပန်းကလေးအား ကြည်သာစွာ နမ်းရှိုက်ခြင်း

"နှစ်ဆယ့်လေးပွင့်မြောက် ပန်းကလေးအား
ကြည်သာစွာ နမ်းရှိုက်ခြင်း
"

သံသယပေါင်းပင်များ
မေတ္တာမြေဆီမှာ ညွှတ်တွား၊

ဝေးကွာမှုပိုးမွှားများ
သစ္စာထယ်သွားမှာ နာဖျား၊

ဆိုးသွမ်းရာသီများ
ယုံကြည်ချက်နေရောင်မှာ လွင့်ပါး၊

ကိုယ်တို့ နှလုံးသားယာမြေမှာ
လတစ်လစီအလိုက်
အလှဆုံးပန်းကလေးတွေ
ပွင့်တယ်ဆိုပါစို့
နှစ်ဆယ့်လေးလဆိုတော့
နှစ်ဆယ့်လေးပွင့်ပေါ့နော်
ထွားထွားဖွံ့ဖွံ့ ငွားငွားစွင့်စွင့်နဲ့
နှစ်ဆယ့်လေးပွင့်မြောက် ပန်းကလေးလေ
ကိုယ်တို့ရင်တံခါးမှာ
ခိုနား ဖူးပွင့်နေပြီကွယ့်၊

တောင်အသွယ်သွယ် တောအထပ်ထပ်
ပန်းကလေး ဖြတ်သန်းလာခဲ့
ပင်လယ်အလီလီ သမုဒ္ဒရာအဆင့်ဆင့်
ပန်းကလေး ရွက်လွှင့်လာခဲ့
တစ်ယောက်ဘ၀မှာ တစ်ယောက်ခိုဝင်
တစ်ယောက်ငဲ့ညှာမှုကို တစ်ယောက်ကစာနာ
မေတ္တာ၊ သစ္စာ၊ ယုံကြည်မှု
သုံးကြိုးလွန်းတင် ရှင်သန်ဖူးပွင့်
ရိုးဂုဏ်တင့်တဲ့
ဖြူဖြူစင်စင် ပန်းကလေး
သက်တော်ရာကျော် ရှည်ပါစေကွယ်၊

ကန္တာရနေ့များ
ကန္တာရညများ
မြတ်မြတ်နိုးနိုး ရွေ့လျား
နှစ်ဆယ့်လေးပွင့်မြောက် ပန်းကလေးအား
ကြည်သာစွာ နမ်ရှိုက်လိုက်တယ်ကွယ့်၊

ကာလနှစ်များစွာကို ကျော်ဖြတ်
နှလုံးသားတစ်စုံရဲ့ မှတ်တမ်းတစ်ခု
ရိုးရိုးကလေးနဲ့ ခမ်းနားစေရမယ်ကွယ့်၊

အို… ပန်းကလေးရေ
ဝင်းဝင်းပပနွေးပါပေရဲ့
လင်းလင်းမြမြဖွေးပါပေရဲ့
အေးအတူပူအမျှ ဖေးကူထူမလို့
ကိုယ်တို့ ထာဝရမွှေးမြကြပါစို့ကွယ်။

ညိမ်းညို

13 comments:

khine said...

နှစ်ဆယ့်လေးပွင့်မြောက် ပန်းကလေးက လှလိုက်တာနော် သက်တော်ရာကျော်ရှည်ပါစေ ထာဝရ မွှေးမြပါစေ...
ထာဝရ..ကေ

royal said...

နယ်ရေ ဖွဖွလေးနမ်းနော :P
ကဗျာလာဖတ်တယ်ဗျာ့ ကောင်းသောနေ့ပါဗျာ
အတိုင်းမသိဝမ်းမြောက်ပါ၏ နှစ်ဆယ့်လေးပွင့်မြောက်ပန်းလေးနဲ့ထပ်တူ :)

အိုင်လွယ်ပန် said...

ဝမ်းမြောက် ကြည်နူးမိပါကြောင်းဗျာ ။

mgngal said...

နှစ်ဆယ့်လေးပွင့်မှသည် ထောင်သောင်းများစွာ ပွင့်ပါစေ ။

မြစ်ကျိုးအင်း said...

ပန်းကလေး မညိုးနွမ်းပဲ ထာဝရ တည်တံ့ပါစေ ..။

...ခင်မင်သောအားဖြင့်...

လင်းဒီပ said...

အေးအတူ ပူအမျှ ဖေးကူ ထူမ ထာဝရ တည်တံ့ ခိုင်မြဲကြပါစေ...

ကြယ်ပြာ said...

နှစ်ဆယ့်လေးပွင့်ကနေ အပွင့်ပေါင်း ရာထောင်ချီပါစေလို့ဆုတောင်းပေးပါတယ် ...

သက်ထွန်းညိမ်း said...
This post has been removed by the author.
သက်ထွန်းညိမ်း said...

ထာဝရမွှေးမြနိုင်ကြပါစေဗျာ

Wong Khan said...

ဒါမျိုးလေးတွေ မဖတ်ရတာ ကြာပြီ အစ်ကိုရေ..း)

ဖြိုးငယ် said...

ဆရာရေ .. နှစ်ဆယ့်လေးပွင့်မြောက်ကနေ သုံးဆယ့်ခြောက် .. လေးဆယ့်ရှစ် အစချီလို့
ကမ္ဘာတည်သ၍ မှန်မှန်ပွင့်နိုင်ပါစေဗျာ

Heartmuseum said...

နှစ်ဆယ့်လေးပွင့်မြောက် ပန်းကလေး
ထာဝရ မွှေးပါစေ.....

Mogok Thar said...

အေးအတူပူအမျှ ဖေးကူထူမလို့ ထာဝရမွှေးမြကြပါစေ။