5 April 2009

ပေါင်းစည်းခြင်း


ကျနော်ဆိုနေတဲ့ သီချင်းတစ်ပိုဒ်၊ သူ ညည်းနေတဲ့ တေးတစ်စ
ပေါင်းလိုက်တော့ သံစုံတီးဝိုင်းကြီး ဖြစ်သွားတယ်။

ကျနော့်မှာရှိတဲ့ အခက်အခဲများ၊ သူ့မှာရှိတဲ့ အခက်အခဲများ
ပေါင်းလိုက်တော့ သစ္စာပန်းတွေ ဖြစ်သွားတယ်။

ကျနော့်မှာရှိတဲ့ အားနည်းချက်တချို့၊ သူ့မှာရှိတဲ့ အားနည်းချက်တစ်ချို့
ပေါင်းလိုက်တော့ ဖေးမစာနာမှု ဖြစ်သွားတယ်။

ကျနော့်မှာရှိတဲ့ အိပ်မက်တစ်ခု၊ သူ့မှာရှိတဲ့ အိပ်မက်တစ်ခု
ပေါင်းလိုက်တော့ နားလည်မှု ဖြစ်သွားတယ်။

ကျနော့်မှာရှိတဲ့ မိသားတစ်စု၊ သူ့မှာရှိတဲ့ မိသားတစ်စု
ပေါင်းလိုက်တော့ မေတ္တာဂေဟာကြီး ဖြစ်သွားတယ်။

ကျနော့်မှာရှိတဲ့ ညည်ဆိုးတချို့၊ သူ့မှာရှိတဲ့ သည်းခံစိတ်နားဆွဲလေး
ပေါင်းလိုက်တော့ ငဲ့ညှာမှုပန်းတစ်ခင်း ဖြစ်သွားတယ်။

ကျနော့်မှာရှိတဲ့ အကြည်ဓာတ်နည်းနည်း၊ သူ့မှာရှိတဲ့ ဖြူစင်မှုအများအပြား
ပေါင်းလိုက်တော့ စကြာဝဠာကြီးကို ချစ်တတ်လာတယ်။

ကျနော်က ကူးခပ်နေတဲ့ ချောင်းကလေး၊ သူက စီးဆင်းနေတဲ့ မြစ်တစ်သွယ်
ပေါင်းလိုက်တော့ တံတားကြီးတစ်စင်း ဖြစ်သွားတယ်။

ကျနော်က တောက်လောင်တဲ့ နွေဆိုး၊ သူက စိမ်းမြတဲ့ ပင်ပျို
ပေါင်းလိုက်တော့ ဘ၀တစ်ခု ဖြစ်သွားတယ်
အဲဒီဘ၀လေးထဲမှာ ကျနော်တို့ ပျော်ပါတယ်။

ညိမ်းညို

- ကဗျာရေးပြီးတော့ အသံဆင်းတာ ပြေမပြေသိဖို့ အကျင့်အတိုင်း အထပ်ထပ်ရွတ်မိပါတယ်။ ရွတ်နေရင်းနဲ့ပဲ ဒီကဗျာအလိုက်ကို အရင်တုန်းကရင်း ရင်းနှီးနေသလိုခံစားမိပါတယ်။ စိတ်မှာ ဇဝေဇ၀ါမို့ ဖတ်ခဲ့ဖူးတဲ့၊ ဖြစ်နိုင်မဲ့လင့်တွေ ပြန်ရှာတော့ ကိုမိုးလှိုင်ဆီမှာ တွေ့ရပါတယ်။ ဟုတ်ကဲ့၊ ကျနော်ကြိုက်သောကဗျာများ ကဏ္ဍမှာ ကိုမိုးလှိုင် ပြန်တင်ပေးထားတဲ့ ဆရာနေမျိုးရဲ့ "ကျနော်နဲ့ မ၀င်းမေ" ကဗျာပါပဲ။ ဆရာ့ကဗျာကို နားစွဲခဲ့တာမို့ အရိပ်တို့ လွှမ်းခဲ့တာထင်ပါရဲ့။ သို့ပေမဲ့ တမင်လုပ်ယူရသည် မဟုတ်သော၊ ထိုထိုသော အရိပ်တို့ကို ကျနော်က မြတ်နိုးစွာ ချစ်ခင်မိပါရဲ့။ ဆရာ့ကဗျာကို ဒီမှာ ဖတ်နိုင်ပါတယ်ခင်ဗျာ။

15 comments:

Unknown said...

အဲဒီဘ၀လေးထဲမှာ ကျမတို့လည်း ပျော်ပါတယ် ကဗျာ
ဆရာ .. :)

အိုင်လွယ်ပန် said...

နှစ်ပုဒ်လုံးသေချာဖတ်တယ်ဗျ ...

ကြိုက်တယ်ဗျာ ...နှစ်ပုဒ်လုံး

ပျော်တယ်တဲ့ကိုညိမ်းရေ :)

ချမ်းမြေ့ပါစေဗျာ .......

မယ့်ကိုး said...

စွဲငြိမိတဲ့ အရိပ်လည်း ဖြစ်နိုင်သလို ဘာသာစကားတူတာမို့ လေသံလည်း တူမိတတ်တယ်လို့  ထင်ပါတယ်။
နှစ်ပုဒ်စလုံးကို ကြိုက်ပါတယ်။

pandora said...

ဟုတ်တယ် ကိုယ်လည်း ဖတ်ပြီးတယ်ဆိုရင် ချက်ချင်းပဲ သတိရသွားတယ်

ညိမ်းညိုရေးတာလေးကလည်း ချစ်စရာပါ

ဒီလိုပဲ ကိုယ်နှစ်သက်မိတဲ့ အရိပ်တွေ ပြန်ထင်လာတတ်တာပေါ့။

MANORHARY said...

တစ်ခါတစ်လေကျ လူတွေဟာ တူညီတဲ့လေယူလေသိမ်းနဲ့
မတူညီတဲ့ဘာသာဗေဒတွေကို ပြောမိတတ်ကြတယ်။ဒါ
မျိုးပါပဲ..

လင်းဒီပ said...

အရိပ်လွှမ်းတယ်ဆိုပေမယ့် သီးသန့်ခွဲထွက်လာပါတယ်ညီလေး..။
ကောင်းပါတယ်..။ပေါင်းစည်းနိုင်ပါစေ..။

ATN said...

အလွန်ကောင်းတဲ့ကဗျာတပုဒ်ပါပဲ...
အားလုံး ပျော်နိုင်ကြပါစေ...

အိန္ဒြာ said...

သိပ်လှတာပေါ့..ကိုညိမ်းညို...

တစ်ခါတစ်ခါ...အရိပ်တွေကသိစိတ်မှာရော မသိစိတ်မှာရော..လွှမ်းနေခဲ့တာ...

မ၀င်းမေအတွက်..
ဆရာနေမျိုးရေးခဲ့တဲ့စာတွေကဗျာတွေ........
ကြည်နူးရသလို မျက်ရည်ကျခဲ့ရတာလဲ..အကြိမ်ကြိမ်ပေါ့

ကဗျာဆရာတွေ ကျန်းမာပါစေ

GreenGirl said...

လှတယ်လို့ပဲ ပြောတတ်တယ်။

Anonymous said...

၂ လွှာပေါင်းတော့ တစ်ရွက် ထိုအရွက်က ဘာအရွတ်တုန်း ကေညိမ်းရွတ်း)

Unknown said...

နယ်ရေ ကဗျာလာဖတ်တယ် တမျိုးစီလှတယ်နယ်
ချစ်စရာလေးတွေကဗျာလေးနှစ်ပုဒ်လုံး
ကောင်းသောနေ့ပါ :)

♥♥♥♥♥ Jennifer™® ♥♥♥♥♥ said...

နောက်တစ်ပိုင်းမျှော်နေတယ်ဗျို့...

Mhu Darye said...

lovely poem...

Apprenticeship said...

အရမ်းလှတယ်... ပေါင်းစည်းနိုင်ပါစေ....

SoeMoe said...

ကဗျာဖတ်ရတာပျော်စရာကောင်းလိုက်တာ...အမြန်ဆုံး
ပေါင်းစည်းနိုင်ကြပါစေ..။