17 January 2009

နံနက်ခင်းသို့ ဖြူရှင်းလင်းမြစေ… ညခင်းတို့ မြူကင်းဝင်းပစေ...

"ကွာလှမ်းသော်ငြား
သင့်အိမ်အားလောင်မြိုက်သောမီးသည်
ငါ့ရင်ကို လာဟပ်သဖြင့်
တရပ်တရွာတည်းဖြစ်ကြောင်း
ငါယုံပြီ".....မင်းမြင့်ဇင်

ရွက်နုတို့ ဝေပါစေ
မျိုးဆက်သစ်တို့ ဝေပါစေ၊

မိုးတွေ စွေပါစေ
ဂရုဏာတရားတွေ စွေပါစေ၊

နှင်းတွေ ဖွေးပါစေ
ချစ်ခြင်းမေတ္တာတွေ ဖွေးပါစေ၊

နေမင်းကြီး ထွန်းလင်းပါစေ
ဉာဏ်ပညာအပေါင်း ထွန်းလင်းပါစေ၊

လမင်းကြီး သာပါစေ
စာနာမှုတရားတို့ သာပါစေ၊

ဆွေးနွေးရင်းငြင်းခုံ၊ ငြင်းခုန်ရင်းဆွေးနွေး
ညီအကိုတို့ ဖေးမနိုင်ပါစေ၊

ပေါင်းစီးရင်းကွဲလွဲ၊ ကွဲလွဲရင်းပေါင်းစည်း
ညီအကိုတို့ သွေးနီးနိုင်ပါစေ၊

တိုင်ပင်ရင်းအဖြေရှာ၊ အဖြေရှာရင်းတိုင်ပင်
ညီအကိုတို့ ချစ်ခင်နိုင်ပါစေ၊

သင်ယူရင်းတည်ထောင်၊ တည်ထောင်ရင်းသင်ယူ
ညီအကိုတို့ စိတ်တူကြည်ဖြူနိုင်ပါစေ၊

နားလည်ရင်းခွင့်လွှတ်၊ ခွင့်လွှတ်ရင်းနားလည်
ညီအကိုတို့ ပြုံးရယ်ပျော်ရွှင်နိုင်ပါစေ၊

မရဏံ ဓူဝံ
ဇိဝိတံ နဓူဝံ။
သေခြင်းတရားကား မြဲ၍
အသက်ရှင်ခြင်းကား မမြဲ၊

ရှင်တုန်းခဏ တွေ့ကြခိုက်မှာ
လက်တွေ ခိုင်ခိုင်မြဲနိုင်ပါစေ
လက်တွေ ခိုင်ခိုင်တွဲနိုင်ပါစေ
စိတ်ဝမ်းလက်ညီ ပြည်သစ်တည်နိုင်ပါစေ။

ညိမ်းညို

12 comments:

Unknown said...
This comment has been removed by the author.
Unknown said...

နားလည်ရင်းခွင့်လွှတ်၊ ခွင့်လွှတ်ရင်းနားလည်
ညီအကိုတို့ ပြုံးရယ်ပျော်ရွှင်နိုင်ကြပါစေ၊

ကဗျာတွေဒီထက်ဒီထက်
ကောင်းအောင်ရေးနိုင်ပါစေ...
ကဗျာဉာဏ်ပညာအပေါင်း ထွန်းလင်းပါစေ၊

mgngal said...

စိတ်ဝမ်းလက်ညီ ပြည်သစ်တည်နိုင်ပါစေ ။ ဆုတောင်း
ကဗျာလေး ကောင်းတယ် ကိုညိမ်းရာ ။ ထို့ အတူ ဆန္ဒပြုပါတယ် ။ :)

အိုင်လွယ်ပန် said...

ဆန္ဒထပ်တူပါအစ်ကိုရေ....
ကဗျာလေးကလည်းကောင်းပ .....

ထိပေ့သျှင် said...

ကောင်းတယ်

လင်းဒီပ said...

ကောင်းလိုက်တာ ညီလေးရယ်..
ညီလေး ဆန္ဒပြုတဲ့အတိုင်းပါပဲ..

"နံနက်ခင်းသို့ ဖြူရှင်းလင်းမြစေ…
ညခင်းတို့ မြူကင်းဝင်းပစေ..."

အားလုံးလည်း နေ့သစ်က ကိုမျှော်လင့်နေကြတယ်...
ငြိမ်းချမ်းကြပါစေ..

Anonymous said...

တ၇ားလာနာသွားတယ် ကဗျာဆရား)
တောင်းတဲ့ဆုတွေ ပြည့်ပါစေ ။

pandora said...

ထပ်တူထပ်မျှ ဆုတောင်းသွားပါတယ် ညိမ်းညိုရေ

Layma said...

ရွက်နုတို့ ဝေသလို .. မိုးတွေ စွေသလို.. နှင်းတွေ ဖွေးသလို...နေမင်းကြီး ထွန်းလင်းသလို ...
လမင်းကြီး သာသလို ... နောက်ထပ်နှိုင်းယှဉ်ချက်များစွာနဲ့  ... ဖြူစင်တဲ့ စေတနာကို ကဗျာဆရာက ပြသလို ... ဖတ်တဲ့သူကလည်း ဖြူစင်စွာ ထပ်တူ မျှော်လင့်တယ်...။

Apprenticeship said...

နိုးဆော်သံပါတဲ့ ကဗျာကောင်းတစ်ပုဒ်ဖြစ်တယ်။

SoeMoe said...

ရှင်တုန်းခဏ တွေ့ကြခိုက်မှာ
လက်တွေ ခိုင်ခိုင်မြဲနိုင်ပါစေ
လက်တွေ ခိုင်ခိုင်တွဲနိုင်ပါစေ..ဟုတ်တယ်အစ်ကိုရေ

Unknown said...

တောင်းဆုတွေပြည့်ပါစေ ။