12 November 2008

ယုံကြည်တယ်

ယုံကြည်တယ်
ကလိမ်ကကျစ် ပစ်သွင်းခံလိုက်ရတဲ့လက်သီးတစ်လုံးကို
အရိုးသားဆုံးမျက်လုံးနဲ့
ယုံကြည်ရဲရင့် ကလပ်ပေါ်တင်ကြည့်ဝံ့တယ်ဆိုတာ။

ယုံကြည်တယ်
ပုတ်သင်တွေရဲ့ ကျော့ကွင်းတစ်ထောင်မှာ
စိတ်ဓာတ်ကို ဓားသွားလိုထောင်ပြီး
ရှောင်ခွာရုန်းထွက်ခဲ့ကြမယ်ဆိုတာ။

ယုံကြည်တယ်
ဒီပဲတွေ ဒီပုတ်ထဲရောက်မသွားစေဖို့
ကိုယ့်အရိုးကိုယ် ရွေဘော်ထိုး
စိတ်ဓာတ်ကို မိုးထိမြှင့်ထားကြမယ်ဆိုတာ။

ယုံကြည်တယ်
ဗရုတ်ဗရက်ခေတ်ကြီးထဲ
ကိုယ်တည်းတစ်ယောက် ကောင်းဖို့ရောက်ရုံနဲ့
နင်းပြားဘ၀တွေကို လမ်းခင်းမသွားဘူးဆိုတာ။

ယုံကြယ်တယ်
ဇကောထဲထည့်အလှိမ့်ခံရပေမဲ့
ဇီးဖြူသီးတွေလို တွန်းထိုးကန်ကျောက်မနေဘဲ
နှမ်းစေ့ကလေးတွေလို သိပ်သည်းစည်းလုံးနေထိုင်ကြမယ်ဆိုတာ။

ယုံကြည်တယ်
မက်လုံးတစ်သိန်းလောက်ပေးနေပါစေ
ဂျပန်ခေတ် စကားပြန်တစ်ယောက်လို
လက်ဝေခံကြီးထွားဖို့ စက်ဆုပ်ရွံရှာတတ်ကြတယ်ဆိုတာ။

ယုံကြည်တယ်
မုန်တိုင်းကြမ်းကြမ်း လေပြင်းရမ်းရမ်း
တောပန်းတစ်ပွင့်ရဲ့အရိုင်းသစ္စာမှာ ဓားတစ်လက်ဆွဲချိတ်
အရိပ်မည်းကြီးကို ဖယ်ရှားပစ်ကြမယ်ဆိုတာ။

ယုံကြည်တယ်
အရွေ့ဟာ ဘယ်လောက်ပဲသေးငယ်ပါစေ
ခြေတစ်လှမ်းလှမ်းလိုက်တိုင်း
ပန်းတိုင်ဆီ တစ်ဆင့်နီးကပ်လာရမယ်ဆိုတာ။

ယုံကြည်တယ်
ရင်ဘတ်ပေါ် ခြေရာတွေဘယ်လောက်ပဲဖြတ်နင်းပါစေ
တစ်ညွှန့်အချိုးဖဲ့ခံရရင် သုံးညွှန့်တိုးထွက်လာမဲ့သတ္တိနဲ့
နွေဦးမျှော်တေးတစ်ပုဒ်ကို ဟစ်ကြွေးနေမယ်ဆိုတာ။

ယုံကြည်တယ်
ကဗျာကိုကဗျာလို ရေးလို့မရတဲ့နေ့စွဲများမှာ
ကဗျာကို ကဗျာမဟုတ်သလိုရေးရသည့်တိုင်
ဖုံးထားလဲ မြင်ကြမယ်ဆိုတာ။

ယုံကြည်တယ်
လောကဥယျာဉ်မြေမှာ
လမင်းတစ်ရာရွှန်းတင့် ပြုံးပန်းတစ်ရာထွန်းပွင့်ဖို့
နှလုံးအိမ်ထဲ ကဗျာတွေပျံဝဲနေမယ်ဆိုတာ။

ယုံကြည်တယ်
ဘယ်ရာဇ၀င်ဘယ်ခေတ်ရောက်ရောက်
ကဗျာခြေထောက်တွေ သန်မာဖျတ်လတ်လတ်နေမယ်ဆိုတာ။

ယုံကြည်တယ်
လက်ညှိုးနဲ့လက်မအကြား
ချွန်မြသံမဏိအသွားနဲ့
ငါတို့ကဗျာတွေ ဆက်လက်မွေးဖွားနေဦးမယ်ဆိုတာ။

ညိမ်းညို

20 comments:

Unknown said...

ယုံကြည်တယ်..ကဗျာဆရာကို.....
ကဗျာတွေရေးနေအုံးမယ်ဆိုတာ.. :P

thihanyein said...

ယုံကြည်တယ်
ရင်ဘတ်ပေါ် ခြေရာတွေဘယ်လောက်ပဲဖြတ်နင်းပါစေ
တစ်ညွှန့်အချိုးဖဲ့ခံရရင် သုံးညွှန့်တိုးထွက်လာမဲ့သတ္တိနဲ့
နွေဦးမျှော်တေးတစ်ပုဒ်ကို ဟစ်ကြွေးနေမယ်ဆိုတာ။
အဲဒီစာသားကိုအကြိုက်ဆုံးပဲဘိုညိမ်းရာ ...အဓိပ္ပါယ်တွေအများကြိးပါတယ်...စောင့်ဖတ်ရကျိုးနပ်ပါ
တယ် ဘိုညိမ်းရေ .....ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ.....

Thargyi(Gyobingauk) said...

ဘိုငြိမ်း..

ယုံကြည်တယ်..
ခင်ဗျားဟာ...ခင်ဗျားရောက်နေတဲ့ဝန်းကျင်နဲ့မတူတဲ့ကွဲပြားနေတဲ့ စိတ်ဓာတ်ရှိသူတစ်ယောက်ဆိုတာ...

ယုံကြည်တယ်..
ခင်ဗျားကဗျာတွေပေါ်က
ခံစားချက်တွေဟာ ခင်ဗျားရဲ့
အတွင်းသရုပ်အမှန်ဆိုတာ..

ထိပေ့သျှင် said...

"ကိုယ်တည်းတစ်ယောက် ကောင်းဖို့ရောက်ရုံနဲ့
နင်းပြားဘ၀တွေကို လမ်းခင်းမသွားဘူးဆိုတာ။"


ယောင်္ကျားဆိုတာ အဲဒီလို ဖြစ်နေရမယ်။

mgngal said...

ယုံကြည်တယ် ။အားလုံးယုံကြည်ပါတယ် .။ ကဗျာကောင်း
တစ်ပုဒ်အတွက် ကျေးဇူးတင်ပါတယ် အစ်ကို ။

လင်းဒီပ said...

ကောင်းတယ်ဗျာ..ဘာမှထပ်မပြောချင်တော့ဘူး...
ယုံကြည်တယ် လို့ပဲထပ်ပြောချင်တယ်..

မွန် said...

ယုံကြည်တယ်
ပုတ်သင်တွေရဲ့ ကျော့ကွင်းတစ်ထောင်မှာ
စိတ်ဓာတ်ကို ဓားသွားလိုထောင်ပြီး
ရှောင်ခွာရုန်းထွက်ခဲ့ကြမယ်ဆိုတာ။

ယုံကြည်တယ်
ဒီပဲတွေ ဒီပုတ်ထဲရောက်မသွားစေဖို့
ကိုယ့်အရိုးကိုယ် ရွေဘော်ထိုး
စိတ်ဓာတ်ကို မိုးထိမြှင့်ထားကြမယ်ဆိုတာ။

ယုံကြည်တယ်
ဗရုတ်ဗရက်ခေတ်ကြီးထဲ
ကိုယ်တည်းတစ်ယောက် ကောင်းဖို့ရောက်ရုံနဲ့
နင်းပြားဘ၀တွေကို လမ်းခင်းမသွားဘူးဆိုတာ။
ယုံကြည်ပါတယ်

s0wha1 said...

ဒီပဲတိုင်း ဒီပုတ်ထဲ မရောက်ဘူးဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့။

ဒီကဗျာအကြိုက်ဆုံးပဲ။:)

kay said...

ယုံကြည်တယ်
ကဗျာကိုကဗျာလို ရေးလို့မရတဲ့နေ့စွဲများမှာ
ကဗျာကို ကဗျာမဟုတ်သလိုရေးရသည့်တိုင်
ဖုံးထားလဲ မြင်ကြမယ်ဆိုတာ။

ဖြိုးငယ် said...

ငါလည်း ယုံကြည်တယ်ဟေ့

pandora said...

ယုံကြည်တယ်
ဒီပဲတွေ ဒီပုတ်ထဲရောက်မသွားစေဖို့
ကိုယ့်အရိုးကိုယ် ရွေဘော်ထိုး
စိတ်ဓာတ်ကို မိုးထိမြှင့်ထားကြမယ်ဆိုတာ။

ကဗျာတွေကို ယုံတယ်။ ကဗျာဆရာကိုလည်း ယုံပါတယ်။ ကံကြမ္မာကို မယုံရဲဘူးလို့ ရုပ်ရှင်တွေထဲကလို ပြောရမလား...။

ပျံသန်းခြင်းရပ်ဝန်း said...

ယုံကြည်တယ်
ဘယ်ရာဇ၀င်ဘယ်ခေတ်ရောက်ရောက်
ကဗျာခြေထောက်တွေ သန်မာဖျတ်လတ်လတ်နေမယ်ဆိုတာ။


တကယ်လည်းယုံကြည်ပါတယ်..
ကဗျာခြေထောက်တွေ အတောင်ပေါက်ပြီးပျံသန်းနေဦးမယ်ဆိုတာ...

အိုင်လွယ်ပန် said...

ချီးယားစ်အစ်ကို.......
ယုံကြည်တယ်...........

ကိုပေါ said...

ယုံကြည်တယ်
ဒီပဲတွေ ဒီပုတ်ထဲရောက်မသွားစေဖို့
ကိုယ့်အရိုးကိုယ် ရွေဘော်ထိုး
စိတ်ဓာတ်ကို မိုးထိမြှင့်ထားကြမယ်ဆိုတာ။

ကြိုက်တယ်ဗျာ။

စိုင်းလောဝ်ပိန်း said...

ကဗျာကောင်းတယ်ဗျို့... အဓိက က ယုံကြည်နေဖို့ပဲဆိုတာ ထောက်ပြနေသလိုပဲ...ကြိုးစားကြစို့ဗျာ

Unknown said...

ယုံကြည်တယ်
ကလိမ်ကကျစ် ပစ်သွင်းခံလိုက်ရတဲ့လက်သီးတစ်လုံးကို
အရိုးသားဆုံးမျက်လုံးနဲ့
ယုံကြည်ရဲရင့် ကလပ်ပေါ်တင်ကြည့်ဝံ့တယ်ဆိုတာ...
အရမ်းကောင်းတယ်..။
ကဗျာတပုဒ်လုံးနှစ်သက်စွာခံစားသွားပါတယ်

Kaung Kin Ko said...

ကဗျာလေး ကောင်းလိုက်တာ ညီလေးရာ။

SoeMoe said...

ယုံကြည်တယ်
လောကဥယျာဉ်မြေမှာ
လမင်းတစ်ရာရွှန်းတင့် ပြုံးပန်းတစ်ရာထွန်းပွင့်ဖို့
နှလုံးအိမ်ထဲ ကဗျာတွေပျံဝဲနေမယ်ဆိုတာ........
စိုးမိုးလည်းယုံကြည်တယ်..။

Layma said...

ယုံကြည်တယ်
အရိပ်မည်းကြီးတွေကို..
နင်းပြားဘ၀တွေကို..
နှမ်းစေ့လေးတွေကို..။

Anonymous said...

ယုံကြည်တယ်
အစိမ်းရောင်ပေမယ့်
ဝိညဉ်ချင်း ကွဲပြားတယ်ဆိုတာကို...................။