31 January 2008

ဇီဝဇိုး

စင်စစ်မတော့ စာရေးဆရာဆိုသည်မှာ ဇီဝဇိုးငှက်ပါပင်တည်း။ ဇီဝဇိုးငှက်သည် ပျံလွှားငှက်မျိုးတွင် ပါဝင်၏။ သူသည် ပင်လယ်အဏ္ဏ၀ါအနှံ့၊ တောတောင်အနှံ့ ပျံသန်းကာ သူနားရာ ကျောက်ဆောင်သို့ ပြန်လာ၏။ သူ၏အသိုက်အား သူတစ်ပါးတို့ကဲ့သို့ သစ်ကိုင်း၊ သစ်ရွက်တို့နှင့်မလုပ်၊ အာခေါင်၌ဖြစ်သော အာစေးကို အန်ထုတ် အသိုက်ပြု၏။ တစ်ခါတစ်ရံ အန်ရလွန်း၍ ထိုအာစေးတွင် ရင်မှသွေးပင်ပါ၍ လာတတ်သည်။

သို့သော် ထိုငှက်သိုက်ကို စားသုံးရသူ လူသားတို့အဖို့ အင်အားပြည့်စုံကာ ရသာထူးနှင့် ပြည့်စုံလှ၏။

ကျွန်မတို့သည်လည်း လူ့လောကဗွေ အဏ္ဏ၀ါတွင် ပျံသန်းလေ့လာရင်းမှ ကျွန်မတို့ရင်၌ဖြစ်သော စာပေကို အန်ထုတ်ကာ အသိုက်ပြု၍ လောကသားတို့အား ပေးအပ်ပါသတည်း။ တစ်ခါတစ်ရံ ရင်မှသွေးသည်လည်း ငှက်သိုက်တွင် လိမ်းကျံလျက် ပါလာခဲ့၏။ သို့သော် စားသုံးသူ လူသားတို့၌ ခွန်အားဗလ ပြည့်စုံသည်ဆိုငြားအံ့၊ ဤရင်မှ သွေးချောင်းပင် စီးပါစေ။ သေသည်အထိ မပြတ်အန်ထုတ်သွားကြမည် ဖြစ်၏။ ဤစေတနာသည်သာလျှင် ကျွန်မတို့ စာရေးဆရာတို့၏ ကုသိုလ်ပင်တည်း။

ဆရာမကြီးဒေါ်ခင်နှင်းယု၏ ဇီဝဇိုး ဆောင်းပါးမှ ကူးယူဖော်ပြပါတယ်။
ရှုမ၀(၁၉၆၄၊ဇူလိုင်)

1 comments:

Layma said...

စာရေးဆရာတွေကို ကိုယ်ချင်းစာပါတယ်...။
စာရေးဆရာမဟုတ်ဘဲ..ဘလော့ဂ်မှာ ကမြောက်ကချောက်..တောရေးတောင်ရေး...ရေးနေတာတောင်..တချို့ပို့စ်တွေအတွက် သွေးအန်ချလိုက်ရသလို မောပန်းနေမိတယ်..။