16 January 2008

အိမ်ပြေးတစ်ယောက်ရဲ့ ဒိုင်ယာရီ

စိတ်ကူးထဲက ကမ္ဘာလောကကြီး
အမေ့အိမ်ထက် ရာသီဥတုသာယာမယ်ထင်လို့
ကျွန်တော်ထွက်လာလိုက်တာ
ဆယ်မိုးဆယ်နွေ..
တစ်နေ့မှ နေမသာခဲ့ပါဘူးအမေရယ်

မြို့ကလေးက ကျဉ်းတယ်
အမေ့အိမ်က စုတ်တယ်
ညီမလေးက နုငယ်နွမ်းနယ်
ဟောဒီကောင် အမေ့သားကတော့
စာတွေပေတွေ အထပ်ထပ်ဖတ်ပြီး
ဘ၀အပေါ် အချိန်ရှိသရွေ့ ရူးနှမ်းနေမိတာပေါ့

ကျွန်တော်က
အမေ့ရင်ငွေ့မှာပဲ ရိုးရိုးအေးအေးကလေး
ခိုလှုံချင်တာအမေရဲ့
အမေမရှိတဲ့ အရပ်ဒေသတွေမှာ
ဘယ်တော့မှ လ ထွက်လေ့မရှိဘူးဆိုတာ
အခု..ကျွန်တော်သိတတ်ခဲ့ပါပြီ

အသိပညာ အတတ်ပညာ
ဘ၀အာမခံချက် အဆင့်အတန်း
စားဝတ်နေမှုဆိုတဲ့ အရေးကြီး ၃ ပါး
အဲဒီမောင်းနှင်အားတွေနဲ့အတူ
ပိုကောင်းလာအောင် ငါဖန်တီးနိုင်သေးတယ်ဆိုတဲ့
နှင်တံတစ်ချောင်းက
ကျွန်တော့်ကို
လောကစားကျက်ကြီးထဲ လွှတ်ကျောင်းထားတာ
ကြာလှပေါ့ အမေရယ်

အမေက
ကျွန်တော့်အတွက် သူငယ်ချင်းတစ်ယောက်ဆိုရင်လည်း
ဟုတ်ပါတယ်အမေ
အမေနဲ့ ငြင်းခုံခဲ့ရတဲ့ ညနေခင်းတွေမှာ
တေးသီချင်းတွေ အဆုပ်လိုက်ပွင့်ပါပကောလို့
အခု..ကျွန်တော်ခံစားတတ်ခဲ့ပါပြီ

အမေက တအားစိတ်ရှည်တယ်
ဘယ်လောက်ပဲ အကြာကြီး ငြင်းခုံနေရပါစေ
ကျွန်တော့်အပေါ်
တစ်ကြိမ်တစ်ခါမှ ဒေါသမထွက်ခဲ့ဘူးနော်
အကျိုးသင့်အကြောင်းသင့် အချက်အလက်နဲ့ပြန်ရှင်းပြလို့
အမေရှုံးသွားပြီဆိုရင်..
လမ်းထိပ်က သမိစ်ဆိုင်မှာ
ကျွန်တော့်ကို မုန့်ဟင်းခါးတွေ တ၀ကြီးဝယ်ကျွေးပြန်ရော
နိုင်တဲ့သူအပေါ် ရန်မမူရဘူး
ဂုဏ်ပြုရမယ်လို့များ အသံတိတ်သင်ကြားပေးခဲ့တာလားအမေရယ်
ဒီသင်ခန်းစာကိုတော့
ထွန်ရေးနက်တဲ့အထိ
ကျွန်တော်ကြေညက်ပြနိုင်ခဲ့ပါတယ် အမေ
ကျွန်တော့်ထက် ကြီးမှရယ်လို့မဟုတ်ပါဘူး
ကျွန်တော်ဖြတ်သန်းခဲ့ရာ ဘ၀လမ်းတစ်လျှောက်
ကျွန်တော့်ထက် ငယ်သူတစ်ချို့အပေါ်မှာတောင်
မုန့်ဟင်းခါးတွေ ၀ယ်ကျွေးခဲ့ဖူးပါတယ်
ကျွန်တော်ရှုံးခဲ့ရင်တော့ ..အမေက
ကျွန်တော့်နားရွက်လေးကို သာသာဖွဖွလိမ်ဆွဲလို့
"ကဲ..မောင်အောင် မင်းအမေ့ကို ဘယ်လောက်ကြာအောင်ပွေ့ချီထားနိုင်သလဲ"
လို့ ပြောတတ်တယ်နော်
အခု..ကျွန်တော်ရှုံးသွားတဲ့အခါတိုင်း
နားရွက်ကို တံတွေးအဆွတ်ခံနေရတယ် အမေ

ကျွန်တော်ကိုက သန္ဓေမကောင်းခဲ့တာလား အမေရယ်
ဆယ်တန်းတောင်မအောင်သေးတဲ့ ကောင်လေးတစ်ယောက်က
အိမ်ကနေ သုံးကြိမ်ထွက်ပြေး
သူ့အမေကို ပူဆွေးအောင်လုပ်ခဲ့ဖူးတယ်ဆိုရင်
ဒီကနေ့ ကျွန်တော့်အသက် နှစ်ဆယ့်သုံး
အမှားတွေကို ဘယ်လိုပဲ သင်ပုန်းချေခဲ့ချေခဲ့
ပတ်ဝန်းကျင်ရဲ့ သားလိမ္မာဆိုတဲ့ အသုံးအနှုန်းအောက်မှာ
ကျွန်တော့်အပြုံးတစ်ပွင့်ဟာ
နာကျင်သိမ်ငယ်မှုတွေနဲ့ အဆိပ်သင့်နေရတုန်းပါအမေ

တောင်တန်းတွေ သစ်ပင်တွေနဲ့
စိမ်းညှို့အုပ်မိုးနေတဲ့ မြို့ကလေးရဲ့ ခြံထောင့်တစ်နေရာ
အိမ်ပြေးတစ်ယောက်ရဲ့ အမေဟာ အဝေးကသားအတွက်
တိတ်တိတ်ကလေးမျက်ရည်ကျနေရတယ်ဆိုတာ
ညီမလေးရဲ့စာထဲမှာ ပါလာတယ်အမေရဲ့
ညီမလေးအနားရောက်လာမှန်းသိတော့
လက်ဖက်ပင်တွေက ပိုးကျနေပြန်ပြီကွယ် လို့ဆိုသတဲ့
အမေရယ် ..
အမေ့လက်ဖက်ပင်တွေက ပိုးကျမနေပါဘူးလေ
အမေ့ရင်ထဲမှာသာ
ဟောဒီသားအတွက် လောင်မီးကျနေရတယ်မဟုတ်လားအမေ

ကျွန်တော်က
တောင်တန်းကြီးတွေရဲ့ ဟိုး..တစ်ဖက်မှာ
ကမ္ဘာသစ်ရှိတယ်လို့ ထင်တယ်
အမေက ကမ္ဘာသစ်ထဲမှာ
သားအတွက်နာကျင်မှုအသစ်တွေရှိတယ်လို့ မြင်တယ်
ကျွန်တော်ကထင်လို့ မိုက်ခဲ့တယ်
အမေကမြင်လို့ ရှိုက်ရတယ်
အမေ့ရှိုက်သံတွေကို အားတင်းသံတွေနဲ့
ကျွန်တော်စွန့်ထွက်ခွဲခွာခဲ့တယ်
အခု..ကျွန်တော့်အားတင်းသံတွေကို
အမေ့ရှိုက်သံတွေက ၀ါးမြိုနေကြပြီအမေ

ကျွန်တော်ရွေ့လျားခဲ့ရာ လမ်းတစ်လျှောက်
အကျိုးအပေါက်တွေက အများကြီးပဲအမေရဲ့
ကိုယ့်အိမ်ကိုယ့်ယာမှာလိုတော့
စိတ်ရောကိုယ်ပါ မ၀ံ့ရဲတာအမှန်ပါအမေ
တံတားတစ်စင်းရဲ့ အခင်းအကျင်းမှာ
ပဉ္စလက်ပန်းကနုတ်တွေက များလွန်းလှတော့
ခြေလှမ်းတိုင်းကို သတိထားပြီးနင်းနေရတယ်အမေ

အမေနဲ့ဝေးနေရတဲ့နေ့တွေဟာ
ကျွန်တော့်အတွက် ဆောင်းညတွေလိုပါပဲ
အလင်းရောင်ကွယ်ပျောက်သွားပြီဆိုတာနဲ့
နွေးထွေးမှုတွေ ဆိတ်သုန်းရတယ်
ဒီလို နေ့ညအသင်္ချေတွေမှာ
ကိုယ့်စိတ်ကိုယ်ကို နယ်ဖတ်ပြုပြင်ရင်း
အမေ့ကိုလွမ်းတဲ့စိတ်နဲ့ မျက်ရည်ကျရပါတယ်အမေ
အသည်းမာတယ် စိတ်မာတယ်လို့
ကိုယ့်ကိုကိုယ် ထင်ထားတဲ့အိမ်ပြေးလေးတစ်ယောက်
မျက်ရည်ကျနေပြီလို့ အမေ့ကိုဝန်ခံလိုက်တာဟာ
အမေ့အိမ်ကိုပြန်လာတော့မဲ့ သင်္ကေတစ်ခုပေါ့အမေရယ်

မနက်ဖြန် သို့မဟုတ် ဘယ်သောအခါတော့
ကျွန်တော်အိမ်ကို ပြန်လာဖြစ်မှာပါအမေ
လက်ဖက်ပင်တွေ ပိုးထိုးနေတယ်ဆိုပြီး
အမေ တိတ်တိတ်လေးမငိုရတော့ပါဘူး
ငြင်းခုံရယ်မော တသောသောနဲ့
မြေနီလမ်းကလေးရဲ့ ဆေးရောင်စုံပန်းချီကားတစ်ချပ်မှာ
အမေနဲ့ကျွန်တော် ပျော်ပျော်ကြီးပါဝင်ခွင့်ရဦးမှာပါ
လောကဓံရဲ့ ထုထောင်းရိုက်ပုတ်မှုတွေနဲ့
သန်မာလာပြီဖြစ်တဲ့ ဟောဒီလက်နှစ်ဖက်ဟာ
အမေ့ကို ဘယ်လောက်ကြာကြာပွေ့ချီထားနိုင်တယ်ဆိုတာ
အံ့သြတကြီး သိစေချင်လှပါပြီအမေ။

ညိမ်းညို

14 comments:

pandora said...

အမေ့ကောင်းကင်မှာ လမင်းသာမယ့် အချိန်
အမေတွေရဲ့ကောင်းကင်မှာ လမင်းသာမယ့်အချိန်
အိမ်ပြေးတွေ အိမ်ပြန်ရောက်မယ့်အချိန်
ဆယ်မိုးဆယ်နွေ
မျှော်လေတိုင်း.....

တင့်ထူးရွှေ said...

ဒိုင်ယာရီတွေ အများကြီး ရှိကြတယ် ၊ အိမ်ပြေးတစ်ယောက်ရဲ့ ဒိုင်ယာရီဟာ လွမ်းဆွတ်နေတာကို ခံစားမိသွားတယ် ၊ ပျော်ရွှင်ပါစေ သူငယ်ချင်း ။

NatShinNaung said...

ဒီကဗျာ လေးကတော့ အတိုင်းမသိ ခံစားမှုအပြည့် နဲ့ ပါ။ ကျွန်တော် အကြိုက်ဆုံး ကဗျာ တစ်ပုဒ်ထဲ မှာ တစ်ပုဒ် အပါအ၀င်ပေါ့။

Layma said...

ဒီကဗျာကို ဖတ်ရတာ သားတစ်ယောက်တောင် လိုချင်စိတ် ပေါက်လာတယ်....။

(မှတ်ချက်။ ။ ကြီးကောင်ကြီးမားများကို မွေးစားရန် စိတ်ကူး လုံးဝမရှိပါ..။ပေသီးရန် ကြောက်လို့ဟေ့)

Unknown said...

အမေ့ကိုတအားမဆိုးနဲ့ နော်လိမ္မာအောင်နေအမေကိုအံ့ဩတကြီးသိစေချင်လှပါပြီတဲ့လား။ပျော်ရွှင်ပါစေ။

နှင်းပွင့်ဖြူ said...

အိမ်ပြေးတစ်ယောက်၇ဲ. ဒိုင်ယာ၇ီ ဒီလောက်ထိ ပြည့်နက်နေကောလား.. ကဗျာလေးဖတ်၇တာ အ၇မ်းဆွဲဆောင်မှု.၇ှိပြီး ခံစားချက်ပေါ်လွင်ပါပေတယ်.
ကိုညိမ်းညို၇ဲ. ကဗျာစွမ်း၇ည်ကို သဘောကျပါတယ်။
အဆင်ပြေပါစေ ရောက်နေလေရာ နေရာတိုင်းမှာ
ဘယ်လောက်ပဲ ဝေးနေပါစေ.. အမေဆိုတာ ရင်ထဲမှာ လမိုက်ညမရှိတဲ့ လမင်းတစ်ဆင်းပါ။

Anonymous said...

ဦးလေးရယ် ဘာတွေများစာထားလို့  ကဗျာတွေ ဒီလောက်ကောင်းရတာလဲ ကဗျာဖတ်ရတာ မောသွားလို့ တစ်ခုခုတိုက်ပါဗျို့ ...
အမေ့နဲ့  ပက်သက်တဲ့ကဗျာတွေဖတ်မိမှပဲ ကျနော် မှာလဲ အမေနဲ့ ပက်သက်တဲ့ သတိမထားခဲ့မိတဲ့ အဖြစ်ပျက်တွေလဲ ရှိနေပါလားလို့  အခုမှစဉ်းစားမိတယ်ဗျာ....ကြိုစားနေတဲ့ သားများအတွက်တော့ ကဗျာကောင်းတစ်ပုဒ်ပါ ..
ကျေးဇူးတင်ပါတယ်ဗျာ

Anonymous said...

အိမ်ပြေးတစ်ယောက်ရဲ့ ဒိုင်ယာရီ !
ကြိုက်တယ်ဒီကဗျာ ရှည်လေးကို.......၊
ညိုမ်းညို ရဲ့ ကဗျာစွမ်းရည်လေးကို သဘောကျတယ်...
ဆက်လက်အားပေးနေတယ်နော့........။

Unknown said...

ညိမ်းညို
ကဗျာတွေကိုအရမ်းခံစားရတယ်..
ညိမ်းညိုရဲ့စွမ်းရည်ကိုချီးကျုးပါတယ်..

အမြဲအားပေနေပါတယ်..

ညိမ်းညိုကဗျာတွေကိုစုပြီးကဗျာစာအုပ်ထုပ်ပါလား..
မမ၀ယ်ယူအားပေးမှာနော်

Unknown said...

nyein nyo
kabyar twe ka a yan khan sar ya tal.khan sar chat ko paw lwin aung write tat tal naw.. arr pay par tal.. a yan lae like tal.. de htat kg aung a myal write naing par say..

မျှားပြာ said...

အမေမရှိတဲ့ အရပ်မှာ ဘယ်တော့မှ နေမထွက်ဘူး ...
ကဗျာလေး အရမ်းကောင်းတယ် ညိမ်းညိုရေ ယူသွားပီ ...။
အဆင်ပြေပါစေ။

karyanmoe1500 said...
This comment has been removed by the author.
karyanmoe1500 said...

အပြင်စကားနဲ. ၇င်ထဲစကား ညီစေချင်လိုက်တာ

karyanmoe1500 said...

ကဗျာတွေ၇ဲ.နူးညံ.မှုအတိုင်းကဗျာေ၇းသူ၇င်ထဲမှာလဲ အမှန်တကယ် နူးညံ.သိမ်မွေ.ပါစေ
ဒီ comment တွေကို ခုမှတွေ.လို.နော်