6 January 2008

ပေါ့ပေါ့လေးနဲ့ လေးနေကြပြီ

ငါ့နေ့တွေညတွေဟာ ပေါ့ပေါ့လေးနဲ့လေးနေကြပြီ
မွေးရာပါ အမာရွတ်တစ်ခုနဲ့ ငါ့နှုတ်မှာ တမာတွေစေးကပ်နေခဲ့တာများလား
နွေရယ် မိုးရယ် ဆောင်းရယ် ရာသီအလီလီမှာ ခက်တရော်ကြမ်းရှ
ဘ၀ကို ဒီလို ခြယ်သမြှောက်စားဖို့ ငါ့ပုခုံးကို ဘယ်သူကြိမ်လာ,လာတို့တာလဲကွယ်
ငါ့ရဲ့ အေးရာအေးကြောင်း သူငယ်တန်းဖတ်စာလေးမှာ
ဘာလို့များ ထမင်းသိုးဟင်းသိုးတွေ လာနွှေးနေကြပါလိမ့်
အချိန်မှန်မှန်လည်ပတ်နေတဲ့ ကမ္ဘာကြီးမှာ
ငါဟာ ဘယ်လိုခေါင်းစဉ်မျိုးနဲ့ မလိမ့်တပတ်လုပ်ခဲ့မိပါသလဲ
ငါ့နားထဲကို အကျွတ်တရားတွေ လောင်းလောင်းမချပါနဲ့
တပည့်ခံဖို့ဝန်မလေးတတ်တဲ့ လူငယ်တစ်ယောက်ပါ
ဘုံခန်းနဲ့လည်း မမြှောက်စေချင်ဘူး ငရဲခန်းနဲ့လည်း မချောက်စေချင်ဘူး
ငါ့စိတ်နဲ့ငါ့ကိုယ် တကယ်ကို လွတ်လပ်ပေါ့ပါးလွန်းလှပါတယ် သူငယ်ချင်းတို့ရယ်
တစ်ခါတစ်ခါများ..
ဦးချိုးလိုက်မှ ဦးပိုထောင်လာတတ်တဲ့ သတ္တ၀ါတစ်ကောင်ဟာ တစ္ဆေဆိုခဲ့ရင်
ငါက သရဲသဘက်ထက်တောင် ပိုပြလိုက်ချင်သေးရဲ့ကွယ်
လရောင် ပန်းပွင့်နဲ့ လိပ်ပြာလေးတွေပျံဝဲနေတာကိုမှ ကဗျာစပ်ချင်တဲ့ ငနဲတစ်ကောင်
ခုတော့..
ပိုးဖဲကတ္တီပါတွေ ဖုံးအုပ်ထားတဲ့ ခန္ဓာကိုယ်အတ္တဘောကြီးဆီကခြပေါက်ရာတွေကို စာစီကုံးနေရတယ်
အင်းလေ ..ငါကိုက ပေါ့ပေါ့လေးနဲ့ လေးနေမိပြီကိုး..။

ညိမ်းညို

3 comments:

Layma said...

အကျွတ်တရားတွေ လာမဟောပါဘူး..
သူငယ်တန်းဖတ်စာကို ကျေညက်အောင် လာလာဖတ်တာပါ...
ကဗျာဆရာ ...လေးရင်တော့...

မင်းကျန်စစ်။ said...

ပေါ့ပေါ့လေးပေမယ့် မင်းရင်ထဲက ကဗျာ ခံစားချက်တွေဟာ လေးလေးနက်နက်ကို ပေါ်ထွက်လာတာ သိသာပါတယ် သူငယ်ချင်း အရမ်းကောင်းတယ်ကွာ။ အားပေးနေလျှက်ပဲ။

ကလိုစေးထူး said...

ဦးချိုးလိုက်မှ ဦးပိုထောင်လာတတ်တဲ့ သတ္တ၀ါတစ်ကောင်ဟာ တစ္ဆေဆိုခဲ့ရင်
ငါက သရဲသဘက်ထက်တောင် ပိုပြလိုက်ချင်သေးရဲ့ကွယ်

အဲဒီ စာသားကို အကြိုက်ဆုံးပဲ ကိုညိမ်းညိုရေ။ ပေါ့ပေါ့လေး ဆိုပေမယ့် လေးနက်တဲ့ ခံစားချက်တွေက အထင်းသားပါ။ အဆင်ပြေ ပျော်ရွှင်ပါစေဗျာ။