8 September 2007

ချစ်သောလောကကြီးခင်ဗျာ..

ကျွန်တော်တို့ရဲ့ သားသမီးလေးတွေဟာ သည်နေ့ပဲ အထက်တန်းကျောင်းမှာ သင်ကြားခဲ့တဲ့ပညာရေး ဆုံးခန်းတိုင်သွားကြပါပြီ။ သည်အခါ သူတို့လေးတွေဟာ ခဏတဖြုတ်တော့ တစ်မျိုးတစ်မည် ဖြစ်နေကြဦးမှာ။ မနေတတ် မထိုင်တတ် ဖြစ်နေကြဦးမှာပါ။ အဆွေလောကကြီးအနေနဲ့ သူတို့လေးတွေအပေါ် ကြင်ကြင်နာနာ ဆက်ဆံပေးပါလို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံပါရစေလားခင်ဗျာ။

အခုအချိန်အထိတော့ သူတို့လေးတွေဟာ သူတို့ပတ်ဝန်းကျင်မှာ သူတို့သာ ရှင်ဘုရင်လေးတွေအဖြစ် နေခဲ့ကြပါတယ်။ သူတို့လေးတွေ အနာတရဖြစ်လာချိန်မှာ မိဘတွေက သူတို့အနာတွေ သက်သာအောင် ဆေးထည့်တန်ထည့်၊ ကျပ်ပူတိုက်တန်တိုက် ပေးခဲ့ကြတယ်။ သူတို့ရင်ထဲက ခံစားချက်အစိုင်အခဲလေးတွေကိုလည်း ပြန်လည်ကောင်းမွန်လာအောင် မိဘတွေကပဲ ဂရုတစိုက်နဲ့ ပြုပြင်လို့ပေးခဲ့ကြပါတယ်။ ဒါကိုလည်း အဆွေလောကကြီး အသိဆုံးပါနော်..။

အခုတော့ အဲသလိုမဟုတ်တော့ပါဘူး။ သူတို့လေးတွေဟာ စွန့်စားခန်းအသစ်တစ်ခုကို စတင်ကြတော့မှာပါ။ အဲဒီစွန့်စားခန်းမှာတော့ ပရိဒေ၀တွေလည်းပါချင်ပါမယ်။ စိတ်ဆင်းရဲစရာတွေလည်း ပါချင်ပါနေပါလိမ့်မယ်။ သည်ခရီးမှာ ဆက်လက်ချီတက်နိုင်ဖို့ သူတို့မှာ ခိုင်မာတဲ့ယုံကြည်ချက် ပြင်းပြင်းပြပြရှိနေဖို့ လိုပါလိမ့်မယ်။ စစ်မှန်တဲ့ မေတ္တာလည်း လိုပါလိမ့်မယ်။ ခန္တီစဆိုတဲ့ သည်းခံခြင်းတရားကိုလည်း လက်ကိုင်ထားကြရပါလိမ့်မယ်။ ဒါတင်မကသေးပဲ နားလည်မှု ဆိုတာလေးကိုလည်း ရင်ဝယ်ပိုက်နိုင် မှသာ သူတို့ရဲ့ ရှေ့ခရီး ချောမွေ့ မှာပါ။

သည်တော့ကာ ချစ်စွာသော လောကကြီးခင်ဗျား ..
သူတို့လေးတွေအား စောင့်ရှောက်ပါရန် ကျွန်တော်က အဆွေ့အား လေးစားစွာ ပန်ကြားချင်ပါတယ်။ သူတို့လေးတွေရဲ့ လက်ကိုဆွဲကာ ဦးဆောင်ခေါ်ယူလို့ သူတို့တွေ သိသင့် သိထိုက်တာအားလုံးကို သင်ကြားပြသတော်မူပါ။ ဒါပေမဲ့ တစ်ဆိတ်လောက်ခင်ဗျာ ။ ဖြစ်နိုင်မယ်ဆိုရင်တော့ သူတို့လေးတွေအပေါ်မှာ နူးနူးညံ့ညံ့လေးသာ ထိန်းကျောင်းသင်ကြား ပေးစေချင်လှပါတယ်ခင်ဗျား ။

လူတိုင်းလူတိုင်းဟာ တရားသူချည်း ဖြစ်လို့မနေသလို လူတိုင်းလူတိုင်းဟာလည်း မျှတသူချည်းမဟုတ်တာ၊ လူတိုင်းလူတိုင်း ဖြောင့်မတ်လို့ချည်းမနေတာကို သူတို့လေးတွေ သိသွားဖို့လိုပါတယ်။ ဒါပေမဲ့ နေရာတိုင်းမှာ လူဆိုးတွေ၊ လူကြမ်းတွေရှိသလို သူရဲကောင်းတွေလည်းရှိတယ်။ ကလိန်ကကျစ် နိုင်ငံရေးသမားတွေ ရှိသလို ကြီးကျယ်မြင့်မြတ်ပြီး စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်ဆောင်ရွက်တတ်တဲ့ ခေါင်းဆောင်တွေရှိတယ်။ ရန်သူတွေရှိသလို မိတ်ဆွေကောင်းတွေရှိတယ်ဆိုတာကိုလည်း သူတို့လေးတွေကို သင်ကြားပေးပါလို့ အဆွေလောကကြီးကို အပ်ချင်ပါတယ်ခင်ဗျာ။

အချိန်တော့ ယူရမှာပေါ့ခင်ဗျာ။ ဒါပေမဲ့ ကောက်ရတဲ့ ငွေတစ်ထောင်ထက်စာရင် ကိုယ့်လုပ်အားနဲ့ ကိုယ်ရှာလို့ရတဲ့ ငွေတစ်ရာက ပိုတန်ဖိုးရှိတဲ့အကြောင်းကိုတော့ သူတို့လေးတွေကို သင်ဖြစ်အောင် သင်ကြားပေးလိုက်ပါ အဆွေလောကကြီးခင်ဗျား။ ဒါတင်မကသေးပဲ အောင်မြင်မှုရဲ့ အရသာကို ကောင်းကောင်းကြီးခံစားတတ်ဖို့၊ ဆုံးရှုံးတဲ့ အခါမှာလည်း သိက္ခာရှိရှိအရှုံးပေးတတ်အောင် သင်ပေးတော်မူလိုက်ပါဦးခင်ဗျား။

ဖြစ်နိုင်မယ်ဆိုရင် သူတို့လေးတွေရဲ့ရင်မှာ ၀န်တိုမစ္ဆရိယစိတ်တွေ မမွေးဖြစ်အောင်လည်း လမ်းညွှန်ပေးလိုက်တော်မူပါ။ မစ္ဆရိယစိတ်အစား တိတ်တိတ်ကလေးကြိတ်ပြီး ရယ်နိုင်တဲ့ အတတ်ကို သူတို့လေးတွေ တစ်ဖက်ကမ်းခတ်တတ်အောင် သင်ပေးလိုက်ပါလားခင်ဗျာ။

ဘာသာတရားရဲ့ အရိပ်အာဝါသအောက်မှာ ငြိမ်းချမ်းမှုကို ရှာတတ်အောင်လည်း သင်ပြပေးပါခင်ဗျာ။ အရှုံးကြောင့်ပေါ်ပေါက်လာရတဲ့ နာကျင်ထိခိုက်မှုကို ရင်ဆိုင်ကျော်လွှားပြီး အောင်မြင်တဲ့အထိ မဆုတ်မနစ်အားထုတ်လိုတဲ့ စိတ်ဆန္ဒကလေးတွေ ရလာဖို့အတွက် သူတို့ရဲ့ ရင်ထဲမှာ ခိုင်မာပြတ်သားတဲ့ စိတ်ဓာတ်တွေ မွေးယူနည်းကိုလည်း ကျကျနနလေး ပြပေးလိုက်ပါဦးခင်ဗျာ။ သိမ်မွေ့သူများနဲ့ သိမ်သိမ်မွေ့မွေ့ ရင်ဆိုင်ဖို့၊ ခဲခဲကပ်ကပ်တွေနဲ့ ကြုံတဲ့အခါ ကိုယ့်ဖက်ကလည်း ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ရပ်တည်တတ်ဖို့ကိုလည်း သင်ပြပေးပါနော် အဆွေလောကကြီး။

မိုးခါးရေသောက်နေတဲ့ အများနောက်ကို မလိုက်ပဲ မိမိတို့ရဲ့ ဆင်ခြင်တုံတရားကို လက်ကိုင်ထားကြဖို့ကိုလည်း သူတို့ကို လမ်းပြပေးပါခင်ဗျာ။ တစ်ဆက်တည်းမှာပဲ လူတကာပြောတာကို တလေးတစားနားထောင်ပါ။ သို့သော်လည်းပဲ သစ္စာတရားဆိုတဲ့ ဆန်ကာနဲ့ တိုက်ပြီးမှ ကြားသမျှကို ရင်ထဲထည့်ပါလို့လည်း သူတို့ကို သေချာမှာပေးပါ လောကကြီးခင်ဗျာ။

ကြေကွဲခိုက်မှာ ရယ်တတ်အောင် သူတို့ကို သင်ပေးပါလို့ မှာလိုက်ချင်သေးသလို မျက်ရည်ကျတာကိုလည်း ရှက်စရာမဟုတ်ကြောင်းကိုပါ တစ်ပါတည်း ပြောပြပေးပါနော်။ ဒါတင်မကသေးဘူး။ ဆုံးရှုံးမှုရဲ့နောက်မှာ ဂုဏ်အသရေဆိုတာ ရှိနေနိုင်သေးသလို အောင်နိုင်မှုရဲ့ နောက်မှာလည်း မှိုင်တွေစရာတွေ ရှိနေတတ်သေးတာကိုလည်း သူတို့ကို သင်ပြပေးတော်မူပါ အဆွေလောကကြီးခင်ဗျာ။

သူတစ်ပါးရဲ့ မျက်ချေးကိုပဲ မဲပြီးမြင်တတ်သူတွေကို အမှုမထားဖို့သာမကပဲ သိပ်ချိုလွန်းသူတွေကိုဆိုရင်လည်း ကောင်းကောင်းကြီးကို သတိထားဖို့ သူတို့လးတွေကို သင်ပြပေး တော်မူပါခင်ဗျာ။

သူတို့ရဲ့ ကာယနဲ့ ဥာဏကို ဈေးအမြင့်ဆုံးပေးသူကိုသာ ရောင်းချပါ။ ဒါပေမဲ့ သူတို့ရဲ့ နှလုံးသားနဲ့ ယုံကြည်ချက်ကိုတော့ ဘယ်သောအခါမှ ဈေးအဖြတ်မခံ၊ တန်ဖိုးဖြတ်မခံကြဖို့ကိုလည်း သေသေချာချာ သင်ပြပေးတော်မူပါဦးခင်ဗျာ။

တစ်ခြားတစ်ပါးသူတွေနဲ့ သူတို့ကိုယ်သူတို့ မနှိုင်းမိ မယှဉ်မိအောင်လည်း သင်ပေးလိုက်ပါဦးနော်။ အဲသလို နှိုင်းတိုင်း ယှဉ်တိုင်း သူတို့ထက်သာတဲ့သူ၊ သူတို့ထက်ချာတဲ့သူဆိုတာ အမြဲတမ်းရှိနေမှာပဲ မဟုတ်ပါလားခင်ဗျာ။ သည်တော့ကာ သူတို့လေးတွေအနေနဲ့ သူတစ်ပါးနဲ့ ယှဉ်မဲ့အစား ကိုယ့်ရဲ့ စွမ်းဆောင်မှုကိုသာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးထက်မြက်နေအောင်၊ တစ်နည်းအားဖြင့် ကိုယ့်အရည်အချင်းကသာ တစ်ကြိမ်ထက်တစ်ကြိမ် ပိုပိုပြီးတက်လာထက်လာအောင် အားထုတ်တတ်တဲ့ အလေ့အထလေး မွေးဖြစ်အောင်သာ လမ်းကြောင်းပေးတော် မူပါ အဆွေလောကခင်ဗျာ။

သူနိုင်ကိုယ်နိုင် ၀င်ကစားရတဲ့ အချိန်ဆိုတာရှိသလို တစ်ဖက်သားကို အလှည့်ပေးရတဲ့ အခိုက်အတန့်ဆိုတာလည်း ရှိတဲ့အကြောင်း သူတို့ကို သင်ပေးဖို့ကိုလည်း မမေ့ပါနဲ့နော်။

သူတို့အပေါ်မှာ နူးနူးညံ့ညံ့ဆက်ဆံပေးဖို့ ကျွန်တော်ထပ်ပြီး အနူးအညွှတ်တောင်းပန်အပ်ပါတယ် အဆွေလောကကြီး။ သို့သော်လည်း သည်စကားဟာ သူတို့ကို ဖူးဖူးမှုတ်ထားပေးပါလို့ ပြောတာမျိုးတော့ လုံးဝမဟုတ်ပါဘူးခင်ဗျာ။ မီးနာမှ သံမဏိရဲ့ အရည်အသွေးက ကောင်းမြဲမို့ သူတို့ကို ဖူးဖူးမှုတ်နေဖို့တော့ တစ်စက်ကလေးမှ မလိုတာလည်း အမှန်ပဲခင်ဗျ။

သူတို့ကိုသူတို့ ပြည့်ပြည့်၀၀ယုံကြည်တတ်အောင်လည်း သင်ပြပေးပါခင်ဗျာ။ ဒါမှလည်းသူတို့က လူသားအားလုံးအပေါ်မှာ ပြည့်ပြည့်၀၀ ယုံကြည်တတ်မှာ မဟုတ်ပါလားခင်ဗျာ။ ကျွန်တော်တောင်းဆိုတာတွေက သိပ်များသွားပြီလားတော့ မဆိုတတ်နိုင်ဘူးခင်ဗျ။ ဘာပဲဖြစ်ဖြစ် အဆွေလောကကြီးအနေနဲ့ နိုင်သလောက်တော့ လုပ်ပေးတော်မူပါလို့ မေတ္တာရပ်ခံပါရစေခင်ဗျာ။

ကျွန်တော်တို့ရဲ့ သားသမီးလေးတွေဖြစ်တဲ့ သူတို့လေးတွေဟာ အင်မတန် သင်လွယ်တတ်လွယ်တဲ့ အရိုးခံ အဖြူထည်လေးတွေပါခင်ဗျာ။

* Dear World by Avril Johannes
* မြန်မာပြန် _ အတ္တကျော်

1 comments:

ကလိုစေးထူး said...

ချစ်သောလောကကြီးကို ခံစားသွားပါတယ်။ သဘောကျတာနဲ့ နှစ်ခေါက်လောက် ထပ်ဖတ်ဖြစ်ပါတယ်။ စကားမစပ်ဗျာ။ ကိုညိမ်းညို ကဗျာတွေစုစည်းပေးထားတာကို တော်တော် သဘောကျတယ်။ နောက်တခု အမှတ်ရရနဲ့ ဖတ်သွားခဲ့တာက အက်ဆေးနှင့်ရသစာစုများထဲက ကိုညိမ်းညိုရေးတဲ့ ပန်းချောင်းရေဆန်ဆိုတဲ့ အပုဒ်လေး…။ လက်ရှိဖြစ်ပျက်နေတာတွေကို အနုပညာအမြင်စွက်ပြီး ခံစားရေးသွားတယ်လို့ နားလည်မိတယ်။ ကျနော် အချိန်ရတိုင်း လာဖတ်ဖြစ်အုံးမှာပါ။ :)