22 September 2007

နှင်းကျချိန်

မြို့ကလေးရဲ့ သမရိုးကျရှုမျှော်ခင်းမှာ
အငွေ့အသက်တိုင်းဟာ ရိုးစင်းလှပနေမယ်
ဓာတ်ကြိုးပေါ်မှာ ငှက်ကလေးတွေနားနေကြမယ်
ကတ္တရာလမ်းမကြီးက ငြိမ်သက်စွာလဲလျောင်းနေမယ်
တစ်ချို့တစ်လေသော အိမ်ယာများက
သူ့ရဲ့ အနက်ရောင်ကျောပြင်ကြီးပေါ် ငိုက်မြည်းလို့ကျန်ရစ်ခဲ့မယ်
လူတွေက အရောင်အသွေးစုံ လှုပ်ရှားသွားလာကြမယ်
ကိုယ့်ကိုယ်ကို နာကျင်မှုမရှိရအောင်
အနွေးထည်ထူထူကြီးတွေကိုလည်း ၀တ်ထားကြဦးမယ်
နှင်းတွေကျလာပြီဆို..
တို့မြို့လေးကိုက မှုန်ဝါးသွားတတ်တာပါ
ဘယ်လောက်တောင် မှုန်ဝါးသွားလည်းဆိုရင်
လူနှစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေတာတောင်
တစ်ယောက်ရဲ့ သွားလမ်းလာလမ်းကို
တစ်ယောက်က မမြင်မိတော့ဘူး
နှင်းခွဲမီးကြီးတွေနဲ့ လမ်းပြပေးမှသာ
တစ်ယောက်ရဲ့ ဦးတည်ရာကို
တစ်ယောက်က နားလည်ခွင့်ပြုပေးနိုင်တဲ့ အခြေ
နှင်းတွေ...နှင်းတွေ
အုံ့သည်းမှိုင်းဝေနေလိုက်တာ
အခုဆို..တစ်မြို့လုံးတောင် ဘာမှမမြင်ရတော့ဘူး။

ညိမ်းညို

1 comments:

eithu said...

နှင်းတွေပိန်းပိတ်အောင်ကျနေတဲ့မြို့ကလေးကို
ခံစားမိပါတယ် . .
`မြို့ကလေးရဲ့ သမရိုးကျရှုမျှော်ခင်းမှာ
အငွေ့အသက်တိုင်းဟာ ရိုးစင်းလှပနေမယ်
ဓာတ်ကြိုးပေါ်မှာ ငှက်ကလေးတွေနားနေကြမယ်
ကတ္တရာလမ်းမကြီးက ငြိမ်သက်စွာလဲလျောင်းနေမယ်
တစ်ချို့တစ်လေသော အိမ်ယာများက
သူ့ရဲ့ အနက်ရောင်ကျောပြင်ကြီးပေါ် ငိုက်မြည်းလို့ကျန်ရစ်ခဲ့မယ်´

အဲဒီ့အရေးအသားတွေ လှတယ် ..နှစ်သက်မိပါတယ်..